နိုဝင်ဘာ ၉ ရက် ၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့ (နိုဝင်ဘာလ ၉ ရက်) ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Palaw-KPDF )နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု Palaw-KPDF သတင်းထုတ်ပြန်ထားသည်။
ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာနှင့် ထမင်းမစားကျေးရွာကြားတွင် လမ်းကင်းလာယူသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Palaw)KPDF မှ ဗိုလ်ခေါင်းဖြူစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (Palaw)KPDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲအတွင်း လမ်းကင်းလာယူတဲ့စစ်ကောင်စီတပ်သားတွေတော့ ပြန်ဆုတ်သွားတယ်။ စစ်ကောင်စီအင်အားက(၃၀)ခန့်ရှိတယ်။ ကြိုတင်သတင်းရလို့ သွားရောက်တိုက်ခိုက်တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
(၁၅)မိနစ်ခန့်ကြာ ဖြစ်ပွားသည့် တိုက်ပွဲတွင် (Palaw)KPDF ဗိုလ်ခေါင်းဖြူ စစ်ကြောင်းမှ ရဲဘော်များမှာ ထိခိုက်မှုတစ်စုံတရာမရှိမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KPDF ဘက်က ပြောသည်။
“အခုရက်ဆက်ပွဲကနေရတော့ လက်နက်ခဲယမ်းကုန်ကျမှုများနေတယ်။ အဲ့ဒီအတွက်မိဘ ပြည်သူများ ကူညီမှုများစွာ လိုအပ်နေအပ်ပါတယ်”ဟု (Palaw)KPDF ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
ယနေ့ နိုဝင်ဘာလ ၉ရက်နေ့တွင်ပင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် တပိုကျေးရွာရှိ နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သလို ၎င်းကျေးရွာနှင့်နီး စပ်သည့် သင်္ကန်းတောကျေးရွာ၊ ပိဒက်ကျေးရွာများတွင်လည်း လူနေအိမ်(၁၀)လုံး ထက်မနည်း စစ်ကောင်စီတပ်က မီးရိူ့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။



















