Home သတင်း ဆုံဆည်းမြိုင်ကျေးရွာရှိ စစ်ရှောင်ပြည်သူများ ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရ

ဆုံဆည်းမြိုင်ကျေးရွာရှိ စစ်ရှောင်ပြည်သူများ ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရ

1344

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဒေါနတောင်အရှေ့ခြမ်း မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ ဆုံဆည်းမြိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များက လုံခြုံရေးတိုးမြှင့်ထားကာ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက် ထားခြင်းကြောင့် ရွာရှိစစ်ဘေးရှောင်ပြည်သူများမှာ ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီနေသူများက ပြောသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလ(၈)ရက်နေ့မှစကာ (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏အိမ်နှင့် ၎င်းလမ်းပိုင်းတစ်လျှောက်တွင် မိုင်းများထောင်ထားပြီး နေရာယူတပ်စွဲထားကာ ရိက္ခာလမ်းကြောင်းကိုလည်း ပိတ်ဆို့ထားခြင်းကြောင့် ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံကြသည့် စစ်ဘေးရှောင်ပြည်သူ (၃၅၀)ကျော်မှာ ရိက္ခာပြတ် လပ်မှုများနှင့် ကြုံတွေ့နေရကြရသည်ဟု စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ကျနော်တို့သွားလှူတာ (၈)ရက်နေ့လောက်ကပေါ့။ စစ်ရှောင်တွေက ဟိုဘက်ကလည်း လက်မခံဘူး။ ထိုင်းဘက်ကလည်း လက်မခံတော့ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတာ။ ရိက္ခာပို့တာကတော့ ခိုးကြောင်ခိုး ဝှက်ပဲပို့ရတယ်။ တစ်ချို့နေရာတွေကျတော့ လုံခြုံရေးအရမ်းတင်းကြပ်တာရှိတယ်။ ပို့ရတဲ့အခက်အခဲဆိုတော့ တစ်ခါတလေ ဆိုင်ကယ်လေးနဲ့ကယ်ထုတ်ရတာရှိတယ်။ ထိုင်းဘက်ကျတော့လည်း အဲ့လိုပဲ ပိတ်ထားတယ်။”ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်နေ့တွင် (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏ နေအိမ်အား ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ၎င်းအိမ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် ကျေးရွာထဲရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲသည့် စက်တင်ဘာလ (၁)ရက်နေ့တွင် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်နှင့် လေးဝေါ် (တောင်နီ)ကျေး ရွာများထဲသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းပါ စစ်အင်အား (၃၀၀)ခန့်ဖြင့် ဝင်ရောက်နေရာယူထားခြင်းဖြစ်ပြီး ယခုလိုစစ်ကြောင်းဝင်ရောက်လာမှုကြောင့် ထောင်နှင့်ချီသည့် လေးဝေါ်နှင့်ဆုံဆည်းမြိုင် ဒေသခံတစ်ချို့မှာ နီးစပ်ရာသို့ ထွက်ပြေးခိုလှုံခဲ့ကြရခြင်းဖြစ်သည်။