Home သတင်း ထိုင်းဘတ်ငွေစျေးမြင့်တက်နေမှုကြောင့် စျေးရောင်းစျေး၀ယ်လုပ်ဆောင်ရာတွင် မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကိုသာ ပြောင်းလဲသုံးစွဲလာနေ

ထိုင်းဘတ်ငွေစျေးမြင့်တက်နေမှုကြောင့် စျေးရောင်းစျေး၀ယ်လုပ်ဆောင်ရာတွင် မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကိုသာ ပြောင်းလဲသုံးစွဲလာနေ

3102
Photo: CJ

စက်တင်ဘာ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ဘက်တွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် နယ်စပ်ထိုင်းဘတ်ငွေစျေးမြင့်တက်လာနေမှုကြောင့် ဒေသအတွင်း စားသောက်ကုန်များ ရောင်း၀ယ်ကြရာတွင် မြန်မာကျပ်ငွေဖြင့်ရောင်း၀ယ်ခြင်းအစား ထိုင်းဘတ်ငွေဖြင့်ရောင်း၀ယ်ခြင်းကိုသာ ပြောင်းလဲရောင်း၀ယ်မှုများ ပြုလုပ်လာနေရကြောင်း မြ၀တီ ဒေသခံများပြောစကားအရ သိရသည်။

မြဝတီဒေသခံတစ်ဦးက “မြ၀တီ ရပ်ကွက်စျေးဆိုင်တွေတောင် ထိုင်းဘတ်ငွေနဲ့ပဲ စျေးရောင်းကြတော့တယ်။ မြန်မာငွေနဲ့ သိပ်ပြီးမရောင်းချင်ကြဘူး၊ မြန်မာငွေနဲ့ ၀ယ်မယ်ဆိုရင် ပစ္စည်းစျေးကို ဘတ်စျေးအမြင့်နဲ့ပဲ မြန်မာကျပ်ငွေကိုတွက်ယူကြတော့ ဘတ်ငွေနဲ့ပဲတောင်းကြ၊ ယူကြ၊ ၀ယ်ကြ ၊ ရောင်းကြတဲ့ ပုံစံမျိုးဖြစ်နေပြီ ၊ ငွေစျေးတက်ချက်က မနက်၊ နေ့လည်၊ ညနေစျေးမငြိမ်ဘူး။ အခုက မြန်မာတစ်သိန်းကို ထိုင်းဘတ်တစ်ထောင် လောက်ကို စျေးကျလာပြီ။ “ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြ၀တီမြို့မှ ထိုင်းငွေလဲလုပ်ငန်းလုပ်သူ ၁၅ ဦးခန့် ငွေကြေးစျေးကစားမှု လုပ်ဆောင်သည်ဟုဆိုကာ ငွေလွှဲဆိုင်များအား ဖမ်းဆီးသိမ်းဆည်းသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်ငွေကြေးစျေးကွက်မှာ နေ့စဉ်တည်ငြိမ်မှုမရှိဘဲ မြှင့်တက်လာမှုမှာ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ ထိုင်းဘတ်ငွေစျေးမှာ မြန်မာငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁,၂၀၀ ဘတ် နှုန်းဖြင့်ငွေလဲစျေးရှိနေပြီး တစ်ပိုင်းတစ်နိုင်ထိုင်းကုန်စည်များနှင့် စားသောက်ကုန်များ တင်သွင်းရောင်းချသူများအနေဖြင့် ထိုင်းဘတ်ငွေကြေး မတည်ငြိမ်မှုကြောင့် မှာယူတင်သွင်း ရောင်းချမှုများတွင် စျေးနှုန်းမြှင့်တင်ရောင်းချနေကြရကြောင်း သိရသည်။

“ဘတ်စျေးတက်တော့ မြ၀တီ-မဲဆောက် မြန်မာဘက်ကပို့တဲ့ကုန်၊ ထိုင်းဘက်က သွင်းတဲ့ကုန်တွေက စျေးမကိုက်တော့ဘူး၊ မဲဆောက်ဘက်မှာ ပြန်ရောင်းတဲ့မြန်မာပစ္စည်းတွေမှာ မရောင်းရဲတော့ သလို၊ ထိုင်းပစ္စည်းတွေလည်း မြ၀တီဘက်က သိပ်မမှာကြတော့ဘူး။ ထိုင်းပစ္စည်းကို မြ၀တီဘက်မှာ ဘတ်ငွေနဲ့ပဲ ၀ယ်သုံး၊ ၀ယ်စားနေကြပြီ။ မြန်မာငွေနဲ့ဆို ဆိုင်ကသူတို့ တွက်ချင်တဲ့စျေးနဲ့ မြန်မာငွေကို တွက်ယူတော့ရပ်ကွက် ထဲကလူတွေ ဘတ်ငွေပဲ ဆောင်ထားပြီးစျေး၀ယ်ကြတော့တဲ့အခြေအနေ ဖြစ်နေပြီ”ဟ မြ၀တီကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း နိုင်ငံခြားငွေကြေးစျေးကွက် အဆမတန် မြင့်တက်လာနေသည့်ကိစ္စအား ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာမှုနောက်ဆက်တွဲအဖြစ် သွင်းကုန်များအဆမတန်စျေးမြင့်တက်ကုန်ပြီး ကုန်ပစ္စည်းပြတ်လပ်မှုများကြုံတွေ့လာကာ ဒေသခံများစား၀တ်နေရေး ခက်ခဲလာနေကြောင်း၊ လုယက်မှု၊ ဖောက်ထွင်းမှု၊ လိမ်လည်မှုများလည်း မြင့်တက်လာနေကြောင်း သိရသည်။

Photo: CJ