Home သတင်း နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများအားလုံး စစ်ကောင်စီကို ပြတ်ပြတ်သားသား တော်လှန်လာကြရန် ဒီမိုကရေစီအင်အားစုများ တိုက်တွန်း

နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများအားလုံး စစ်ကောင်စီကို ပြတ်ပြတ်သားသား တော်လှန်လာကြရန် ဒီမိုကရေစီအင်အားစုများ တိုက်တွန်း

1207

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦး စစ်ကောင်စီ၏ သေဒဏ်စီရင်ချက် ချခံရပြီးနောက် စစ်ကောင်စီကို တော်လှန်ရာတွင် နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံသားများအားလုံးအနေဖြင့် ၎င်းတို့နှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား ပါဝင်တော်လှန်ကြရန် ဒီမိုကရေစီအင်အားစု ၇ ဖွဲ့ပါဝင်စုပေါင်း၍ ယမန်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့ စုပေါင်းထုတ်ပြန်ထားသည့် ဒီမိုကရေစီအင်အားစုများ၏တော်လှန်ရေး သန္နိဌာန် ကြေညာချက်တွင် ထိုသို့တိုက်တွန်းထားခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် အဆက်အဆံပြုလုပ်၍ လက်ရှိ နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းလိုသည့် သဘော ထားရှိ သော အဖွဲ့အစည်းအင်အားစုများအနေဖြင့် ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ကွပ်မျက်စီရင်မှု ဆုံးဖြတ် ချက်အပေါ် ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ညှိနှိုင်းဆောင်ရွက်နိုင်သည့် အုပ်စုမဖြစ်နိုင်တော့သည်ကို လက်ခံယုံကြည်ပြီး ၎င်းတို့ကို တော်လှန်နေကြသူများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား အမြစ်ပြတ်တော်လှန်ကြရန် အချိန်တန်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပူးပေါင်းပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၏ ပြောခွင့်ရ ပဒိုစောတောနီးက ယခုလိုပြောသည်။

၎င်းက “တိုင်းပြည်မှာ အခု စစ်ကောင်စီနှင့် သွားပြီး ဆက်ဆံရေး လုပ်ဆောင်နေတဲ့ နိုင်ငံရေး ပါတီတချို့ ရှိသလို တစ်ဖက်က လက်နက်ကိုင်တော်လှန်ရေး အင်အားစု တချို့ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဆက်ဆံနေတာ တွေကို တွေ့ရတယ်။ အခု လက်ရှိဖြစ်နေတဲ့ အခြေအနေတွေက ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ။ စစ်ကောင်စီ နဲ့ ပူးပေါင်းတာက မှန်ကန်တဲ့ လုပ်ရပ်လို့ ကိုယ့်ကိုယ်ကို မြင်ထားတယ်ဆိုရင် ပြည်သူလူထုရဲ့ အမြင်မှာပဲဖြစ်ဖြစ်၊ တကမ္ဘာလုံးရဲ့ အမြင်မှာပဲဖြစ်ဖြစ် သူတို့အနေနဲ့ စစ်ကောင်စီနဲ့ အတူတူပဲ ဆိုတာကို မြင်ကြလိမ့်မယ်။ အဲ့အတွက် အခုကာလမှာ ဒီလုပ်ရပ်တွေအားလုံးကို ရပ်တန့်ပြီး နိုင်ငံရေးပါတီပဲဖြစ်ဖြစ် တော်လှန်ရေးအဖွဲ့တွေပဲဖြစ်ဖြစ် ကိုယ့်တန်းဖိုးဟာ စစ်ကောင်စီနဲ့အတူတူဖြစ်နေပြီးလားဆိုတာကို ဆန်းစစ်ပြီး ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေနဲ့ပြတ်ပြတ်သားသားပူးပေါင်းဖို့သင့်နေပြီး “ဟု ကေအိုင်စီသို့ ပြောသည်။

ယခုဇူလိုင်လ ၂၄ ရက်နေ့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့် သာမန်အရပ်သားနှစ် ဦးဖြစ်သူ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရ ဇော်တို့ ၄ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြစ်ဒဏ်စီရင်မှုသည် ပြဌာန်းထားသော ဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ အကြမ်းဖက် လူသတ်မှုသက်သက်သာ ဖြစ်ကြောင်း ၎င်းဒီမိုကရေစီအင်အားစု၏ စုပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြပြောဆိုထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီအား အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် ပြေလည်စေမည့် အဖြေ ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့် လက်ရှိစစ်ခေါင်းဆောင်များ၏ သဘောထားအမှန်ကို နားလည် သဘောပေါက်သင့်ပြီးဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

ဆက်လက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထား သော စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးမှုများအား လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြင့်ဆောင်ရွက်ပေးကြရန်လည်း ဒီမိုကရေစီအင်အားစုများက တောင်းဆိုထားသည်။

“ နိုင်ငံတကာအဖွဲ့အစည်းတွေ လူမှုအသိုင်းအဝိုင်းတွေ တချို့က ဒီစစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ နားချ ပြောဆို လို့ ရအုံးမလားဆိုပြီး သဘောထားရှိကြတယ်။ ဒါပေမဲ့ မနေ့တစ်နေ့က ပေါ်ပေါက်လာတဲ့အခြေအနေ တစ်ခုက ဒီလူတွေ(စကစ)က ပြောဆိုညှိနှိုင်းဖို့ ညင်သာတဲ့နည်းလမ်းတွေ ရှာပေးဖို့ဆိုတာ ဘာမှမထူးတော့ ဘူးဆိုတာ နိုင်ငံတကာကော လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့အတွက် ရှင်းရှင်း လင်းလင်း ပြသလိုက်တာပဲ။ ဒီစစ်အာဏာရှင် တိုက်ခိုက်ဖြိုဖျက်ဖို့ဆိုတာက စိတ်ကူးယဉ်နဲ့ လုပ်ဆောင်လို့ မရတော့ဘူးဆိုတာ သိသင့်ပြီး။ အဲ့ဒါကြောင့် သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကိုသာ အသေအချာထောက်ခံသွားဖို့လိုလိမ့်မယ်” ဟု ပဒိုစောတောနီးက ဖြည့်စွက်ပြောသည်။

၎င်းအပြင် ယခုကြေညာချက်သည် အာဏာရှင်စနစ်ကို မြေလှန်ပစ်မည့် ဒီမိုကရေစီ အင်အားစုများ၏ ပြည်သူ့ တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံဖြစ်ကြောင်းနှင့် ပြည်သူလူထုအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တော်လှန်သွားရန် သံန္နိဌာန် ပြုထားကြောင်းလည်း ဖော်ပြထားသည်။