Home သတင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း မြဝတီမြို့တွင် ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြဝတီမြို့တွင် ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

948
Photo: CJ

ဇွန်လ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုဇွန်လဆန်းပိုင်းလောက်စပြီး ရပ်ကွက် ၃ ခုခန့်တွင် နေ့ရောညပါ အိမ်တွင်းပစ္စည်းများ ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းမြို့ခံများထံမှ သိရသည်။

မြဝတီမြို့ ရှိ စကားဝါလမ်းရှိ အမှတ်(၁) ရပ်ကွက်၊ မနော်ဟာရီလမ်းရှိ အမှတ်(၂) ရပ်ကွက်နှင့် ကြံခင်းလမ်းရှိ အမှတ် (၃)ရပ်ကွက်တို့တွင် ယခင်ဖောက်ထွင်းခိုးယူမှုကို ကျူးလွန်ဖူးသည့် ဝါရင့်ဖောက်ထွင်းသူများနှင့် စားဝတ် နေရေးအခက်အခဲကြောင့် ဖောက်ထွင်းခိုးယူသူများသည် ရပ်ကွက်တစ်ခုစီတိုင်းတွင် အုပ်စုဖွဲ့၍ ညစဉ် အကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ဖောက်ထွင်းမှုများ ပြုလုပ်နေကြောင်း မြဝတီမြို့ခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက ”မြဝတီက လူပေါင်းစုံရောက်လာကြတာ။ သူခိုးတွေကဘယ်လောက်ဖမ်းဖမ်းမကုန်တော့ဘူး။ ညစဉ် တစ်မြို့လုံးအကြိမ် ၂၀ လောက်အခိုးခဲ့နေရတာ။ သူခိုးတွေက ရပ်ကွက်တိုင်းလိုလိုမှာ အဖွဲ့လိုက်ရှိတယ်။ အခုနောက်ပိုင်းကားနဲ့တင်ခိုးနေတာ။ အခုသူခိုးတွေက နောက်တိုးသူခိုးတွေ (ရပ်ကွက်) ၁ တို့ ၃ တို့ ၄တို့က အများဆုံးဖြစ်များတယ်။ ထောင်ကျပြီးသားသူခိုးတွေက ထပ်ခိုးတာနည်းတယ်။ ခေတ်ကာလ အခြေအနေအရ ခိုးစားလုစားနေကြတာများနေတာ့ အခုကတစ်ချို့သူခိုးတွေကမရှိလို့ ခိုးစားလုစားတာ တစ်ချို့ သူခိုးတွေက နောက်ခံရှိတဲ့လူပဲ” ဟုကေအိုင်စီသို့ ပြောသည်။

ယခုဖြစ်ပွားနေသည့် ဖောက်ထွင်းခိုးယူမှုများတွင် နေအိမ်များထဲရှိ ကား ၊ ဆိုင်ကယ် ၊ ရွှေငွေစသည့် အဖိုးတန် ပစ္စည်းများကို လိုက်လံခိုးယူနေခြင်းဖြစ်သလို အချို့သော စားဝတ်နေရေး အဆင်မပြေသူများအနေဖြင့် စားဝတ်နေရေးအကြပ်အတည်းများကို ဖြေရှင်းရန် ရပ်ကွက်အတွင်းသာမန် လိုက်လံဖောက်ထွင်းခိုးယူသူများ လည်းရှိကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

Photo: CJ

မြဝတီမြို့ပေါ်တွင် ဒေသတွင်း လုံခြုံရေး ရယူနေသည့် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ရဲနှင့် နယ်ခြား စောင့်တပ်(BGF) အမြောက်အများရှိနေသော်လည်း ထိုသို့ ခိုးယူဖောက်ထွင်းမှုများအပေါ် အရေးတယူ တာဝန်ယူ လိုက်လံဖမ်းဆီးမှုများ အားနည်းနေသောကြောင့် ယခုလို ဖောက်ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ် ကြောင်း မြို့ခံလူထုများကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အတွင်း တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ စစ်ကောင်စီအပေါ် ဆန့်ကျင် တော်လှန်မှုများလည်း အရှိန်အဟုန်မြှင့်တက်လျက်ရှိသည်။ ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို အကြမ်းဖက် ဖမ်းဆီးမှုများကိုသာ အာရုံစိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှုရှိပြုလုပ်ချိန်ကတည်းက ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူမှု၊ ခိုးယူမှု၊ ဖောက်ထွင်းဖျက်ဆီးမှုများကို ကျူးလွန် လုပ်ဆောင်ခဲ့ကြသည်။

လတ်တလောတွင်လည်း မြို့ပေါ်ဒေသများတွင်လည်း ဖောက်ထွင်းခိုးယူမှုများအပြင် လုယက်မှု၊ အနုကြမ်းစီးမှု နှင့် ဓါးပြတိုက်မှုများလည်း တိုင်းပြည်နှင့်အဝှမ်းဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။ ထို့အပြင် ဗုံးပေါက်ကွဲမှုများ လည်း မကြာခဏဖြစ်ပွားနေသလို ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့ကလည်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်ဈေးအနီးရှိ ကြံ့ခိုင်ရေးရုံးရှေ့တွင် ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သေးသည်။