မေလ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဒေါနအရှေ့ဘက်ခြမ်းရှိ လေးကေကော်ဒေသအပါအဝင် သောင်ရင်းမြစ်ဘေးတစ်လျှောက် စစ်ဘေးရှောင် နေကြရသူများအနေဖြင့် ယခုနှစ် မိုးရာသီ ကာလအတွင်း မိသားစုအလိုက် လုံလုံခြုံခြုံဖြင့် နေထိုင်ရန် ယာယီတဲအိမ်လေးများ ဆောက်လုပ်ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောသည်။
ယခုလို မိုးရာသီကာလအတွင်း စစ်ဘေးရှောင်ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကို ဒေသခံ တာဝန်ရှိသူများအနေဖြင့် နည်းလမ်းရှာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လိုအပ်ချက်များရှိနေသေးကြောင်းလည်း စစ်ဘေးရှောင်များကို အကူအညီပေးနေကြသော တာဝန်ရှိသူများကပြောသည်။
အမည်မဖော်လိုသူ စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက “အခုက ချောင်းကမ်းစပ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ သူတွေအတွက် ဆက်နေဖို့က မဖြစ်နိုင်တော့ဘူး။ မိုးတွေ အရမ်းများလာရင် နေလို့မရတော့ဘူး။ အဲဒီတော့ သူတို့ အတွက် အပေါ် ပိုင်းဒေသတွေမှာ နေရာရှာပေးရတယ်။ ရှာဖွေတဲ့အတိုင်း ကူညီထောက်ပံ့မှုတွေ ရောက်လာ တယ်။ ဝါးဖိုး ဖက်ဖိုးတွေပေါ့။ အဲ့ဒါနဲ့ပဲ ဒီမှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ အတူ စုဖွဲ့ပြီးတော့ ဝါးတွေ ခုတ်တဲ့သူ ခုတ်၊ တဲဆောက်တဲ့သူကဆောက် အတူတူ ဝိုင်းလုပ်ကြရတာပေါ့။” ဟု ပြောသည်။
လက်ရှိတွင် နေရာထိုင်ခင်းအတွက် တဲအိမ်များ ဆောက်လုပ်နေဆဲဖြစ်၍ စစ်ဘေးရှောင်များအနေဖြင့် ဝါးရုံ တောထဲတွင် အဆင်ပြေသလို နေထိုင်နေရဆဲဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးလျှင် နေရာထိုင်ခင်း အသစ်ရရှိကြ မည့်အပြင် ကျန်းမာရေးအတွက်ပါ ဆေးဘက်ဆိုင်ရာများကို စီစဉ်ပေးထားကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
စစ်ဘေးရှောင်ပြည်သူ နော်ဝါးက “ကျမတို့တွေ ထွက်ပြေးလာရတဲ့ အချိန်ကနေစပြီးတော့ အခုထိ မြေကြီးပေါ်မှာပဲနေနေရတယ်။ ပြီးတော့လည်း အမိုးက ဖက်နဲ့မဟုတ်ဘူး မိုးကာ၊ တာလပတ်တွေနဲ့ ပဲနေရတော့ ပူရင်လည်းအရမ်းပူ၊ မိုးရွာရင်လည်း မိုးကအရမ်းယိုတယ်၊ ဒုက္ခတွေရောက်တာပေါ့။ အခုလိုလာ ပြီးတော့ တဲအိမ်လေးတွေ လာဆောက်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်တယ်။ အမိုးအကာတွေနဲ့ ခိုင်ခိုင်ခန့်ခန့်၊ လုံလုံခြုံခြုံ ကောင်းကောင်းလုပ်ပေးထားတဲ့အတွက်လည်း အရမ်းပဲကျေးဇူတင်ပါတယ်။”ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် စစ်ဘေးရှောင်နေကြရသူများအတွက် ယခုနှစ် မိုးရာသီ ကာလအတွင်း နေရာထိုင်ခင်အခက်အခဲရှိလာသည့်အပြင် ယခုမိုးရွာသွန်းမှု စတင်ဖြစ်ပေါ်နေချိန် ချောင်းရေများ နောက်ကျိပြီး သောက်သုံးရေး မသန့်ရှင်းသည့် ပြဿနာများကိုပါ ရင်ဆိုင်နေကြရသည့်အတွက် ရာသီပြောင်း ရောဂါများအဖြစ်များ လာနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။
“အခုရေတွေက မသန့်ရှင်းတော့ဘူး။ အဲ့ဒီတော့ ကလေးတွေအရမ်းဖျားနေကြတယ်။ ကျမကလေး ဒီမှာစရောက် တုန်းက ဝဖြိုးနေတာပဲ အခုတော့ ပိန်ပိန်လေးပဲ ကျန်တော့တယ်။ မိုးကလည်းရွာ ပြန်ဖို့ကလည်း မပြန်ရဲသေးဘူး။ နေ့တိုင်း လိုလိုပစ်နေကြတယ်။ ကိုယ့်အိမ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်နေချင်တယ်။” ဟု
စစ်ဘေးရှောင်ကလေးမိခင် နော်မငယ်က ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ဒေါနအရှေ့ခြမ်းတိုက်ပွဲကြောင့် လေးကေကော် ဒေသအပါအဝင် ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တဥုထ၊ တနော်ထ၊ သေ့ဘောဘိုး ၊ ကလော့ထော်၊ စုကလိ၊ ဒေသဘက်အထိ စုစုပေါင်းကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင် ရှောင်နေကြရပြီး ယခုချိန်ထိ ၎င်းတို့နေရပ်ကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိဘဲ သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ခိုလှုံနေကြဆဲဖြစ်သည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေများတွင် နေ့စဉ် တိုက်ပွဲဖြစ် ပွားနေပြီး တိုက်ပွဲအရှိန်များလည်း ပိုမိုမြှင့်တက်နေသလို စစ်ကောင်စီဘက်မှ ကျေးရွာနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် သိန်းနှင့်ချီသော ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။



















