Home သတင်း ကျုံဒိုးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုအတွင်း ပါ၀င်ခဲ့ဖူးသူနေအိမ်များအား ၀င်ရောက်ဖမ်းဆီး၍ ဒေသခံ ၅ ဦးဖမ်းဆီးခံရ

ကျုံဒိုးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုအတွင်း ပါ၀င်ခဲ့ဖူးသူနေအိမ်များအား ၀င်ရောက်ဖမ်းဆီး၍ ဒေသခံ ၅ ဦးဖမ်းဆီးခံရ

1301

မေလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် ရပ်ကွက်များတွင် စစ်အာဏာသိမ်းဖြစ်စဉ်ကာလအတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်ဖူးသည့် ဒေသခံအချို့၏ နေအိမ်များအား မေလ ၁၃ ရက်ညက စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီ သတင်းပေးအုပ်ချုပ်ရေးမှူးများ ပါ၀င်သည့် အဖွဲ့များမှ ရပ်ကွက်များအတွင်း ပိတ်ဆို့ရှာဖွေဖမ်းဆီးရာတွင် ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါသည်။

ကျုံဒိုးဒေသအတွင်း စစ်အာဏာသိမ်းဖြစ်စဉ်အား ဆန်ကျင့်ဆန္ဒထုတ်ဖော်သည့် ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့ကြသည့် မြို့ပေါ်ဒေသခံများနှင့် NLD ပါတီအား ထောက်ခံ၀န်းရံခဲ့ကြသည့် ဒေသခံများအား စစ်ကောင်စီသတင်းပေးများမှ ဒေသခံများ သွားလာနေထိုင်လုပ်ကိုင်နေမှုကို နေ့စဉ်စောင့်ကြည့်မှုများရှိနေရာမှ မေလ ၁၃ ရက်ညက ရပ်ကွက်များအတွင်း အမည်စာရင်းဖြင့် စစ်ကောင်စီပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုကြောင့် ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

“ကမ်းနားပိုင်း၊ လမ်းမတန်း၊ ကွက်သစ်ပိုင်း၊ မှောင်ခိုစျေးပိုင်း ရှိ စစ်ကောင်စီပြုတ်ကျရေး ဆန္ဒထုတ်ဖော် ပွဲတွေတုန်းက ပါခဲ့သူတွေ NLD ပါတီ နဲ့ ပတ်သက်တဲ့ သူတွေရဲ့နေအိမ်တွေကို စာရင်းနဲ့ လိုက်ရှာပြီး ဖမ်းတယ်၊ ဝိုင်းတယ်၊ အိမ်တွေ ခြံတွေထဲ ၀င်ရှာတယ်။ အဲ့ဒီမှာ လူ ၅ ယောက် ဖမ်းခံရတယ်။ မနက်ကျတော့ မိသားစုက လိုက်စုံစမ်းတာ အဆက် အသွယ် မရကြသေးဘူး ။ တချို့ မိသားစုတွေတော့ ရှောင်နေကြတော့ မမိသွားတာလည်းရှိတယ်ကြားတယ်။ မြို့ပေါ် ရပ်ကွက်တွေက ဆန္ဒပြတုန်းကပါဘူးသူတွေ တော်တော်များများရှောင် နေကြရပြီ”ဟု ကျုံဒိုးဒေသခံက ပြောသည်။

ကရင်ပြည်နယ်အတွင်း ဧပြီလ နှင့် မေလအတွင်း ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ မြို့ ပေါ် ရပ်ကွက်များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့ဖူးသူ၊ NLD ပါတီ နှင့် ပတ်သက်သူများအား မကြာခဏ ဖမ်းဆီးစစ်မေးမှုများ တရားစွဲဆို ထောင်ချခံရမှုများရှိလာနေချိန်တွင် ယခုမေလ ၁၃ ရက်က ကျုံဒိုး ဒေသခံ ၅ ဦး အား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်လာနေသောကြောင့် ဒေသတွင်း လူငယ်၊ လူလတ်ပိုင်းများ ရှောင်တိမ်းနေထိုင်နေကြသည်ဟု ကျုံဒိုးဒေသခံများက ပြောသည်။

ထိုအတူ ဖားအံ မြို့ဘက်တွင်လည်း လူငယ်၊ လူလတ်ပိုင်းများအား ကား၊ ဆိုင်ကယ်၊ လိုင်စင်စစ်ဆေးသည်ဟု အကြောင်းပြကာ ရိုက်နှက်၍ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်သည့်သတင်း၊ ဓါတ်ပုံ၊ ရုပ်သံများဖုန်းတွင် တွေ့ရှိပါက ခြိမ်းခြောက် ဖမ်းဆီးငွေညှစ်တောင်းခံပြီး မှ ပြန်လွှတ်ပေးသည့် ဖြစ်စဉ်များနေစဉ် ကြုံတွေ့နေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ မြို့ခံများက ပြောသည်။