မေလ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဒေသဖြစ်သည့် လေးကေကော်ဒေသအတွင်း စစ်ကောင်စီတပ်ဘက်မှ မြေမြှုပ်မိုင်းများထောင်ထားသည့် အတွက် ဒေသခံများနေရပ်ပြန်လည်၀င်ရောက်သွားလာခြင်း မပြုကြရန် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ရေးတာ၀န်ရှိသူများက နိုးဆော်အသိပေးထားကြောင်း သိရသည်။
လေးကေကော်တိုက်ပွဲ ဖြစ်ပွားရာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲနေရာဒေသ ရပ်ကွက်များ၊ ကျေးရွာများ ၊ လမ်းမကြီးများ၊ လူနေအိမ်ခြံများအတွင်းစစ်ကောင်စီ တပ်ဘက်မှ မြေမြှုပ်မိုင်းများ တပ်ဆင်ထောင်ထားခဲ့ သည့်အတွက် ရပ်ကွက်ကျေးရွာများအတွင်းသို့ နေရပ်ပြန်လည် ၀င်ရောက်သွားလာ ခြင်းမပြုကြရန် ဒေသ KNLA တာ၀န်ရှိသူများက စစ်ဘေးရှောင်နေရသည့် ဒေသခံ မိသားစုများ ၊ တောင်ယာခြံမြေ ပိုင်ရှင်များ၊ ကုန်စုံဆိုင် လုပ်ငန်းရှင်များအား သတိပေးနိုးဆော်ထားကြောင်း လေးကေကော်ဒေသ အုပ်ချုပ်ရေး တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
လေးကေကော်ဒေသအနီးတစ်ဝိုက်ဖြစ်သည့် ဖလူးကြီးဘုန်းကြီးကျောင်း ၊ သောင်ရင်းမြစ်ဘေး DKBA ဗိုလ်စလုံး စခန်းဟောင်း၊ ထီးမယ်ဝါးခီး ရွာထိပ်၊ လေးကေကော်အမြှောက်ကုန်း၊ လေးကေကော် ရပ်ကွက် -၂၊ ဖလူးလေးရွာဘုရားကုန်း ၊ လက်ခတ်တောင်ဘုရားကုန်းနေရာများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး လှုပ်ရှားစစ်ကြောင်းထိုး သွားလာသည့် နေရာတစ်လျှောက်တွင် မြေမြှုပ်မိုင်း တပ်ဆင်ထောင်ထားသည့်ကို မြေပြင် KNLA ပူးပေါင်းအဖွဲ့များမှ တွေ့ရှိ ရှင်းလင်းရသည့် ဖြစ်စဉ်များရှိသဖြင့် ဒေသခံများ နေရပ်ပြန်လည်၀င်ရောက် သွားလာချိန်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲအန္တရာယ်မဖြစ်စေရေးအတွက် အသွားအလာ အ၀င်အထွက် မပြုလုပ်ကြရန် သတိပေးထားကြောင်း စစ်ဘေးရှောင် စခန်းများ အုပ်ချုပ်ရေးပိုင်း တာ၀န်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“ဒီရက်ထဲ တိုက်ပွဲ ငြိမ်နေတယ်၊ ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက်က ချောင်းနေကြတာ၊ ပြောက်ကြားပစ်ခတ်မှုက ရှိနေတယ်၊ စစ်ရှောင်တွေကတော့ ပစ်တာခတ်တာသိပ်မရှိတော့ဘူးဆိုတော့ ကိုယ့်အိမ်ကိုယ့်ခြံ ၊ ကိုယ့်တောင် ယာ ပြန်နေခြင်ကြပြီပေါ့။ သူတို့ ပြန်နေဖို့တော့ မဟုတ်သေးဘူး ၊ ကိုယ့်အိမ်ကိုယ်ယာဘက်ကို အခြေအနေပြန်ကြည့်ချင်ကြတာ စိတ်များနေကြတယ်။ ကျနော်တို့လည်း ပြန်ချင်တာပါပဲ၊ ဒါပေမယ့် စစ်တပ်က နေရာစုံ မှာ မိုင်းထောင်ထားတယ်၊ နောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး၊ လေယာဉ် ဗုံးသီးတွေကလည်း အိမ်တွေ၊ ခြံတွေ ထဲ စိုက်၀င်နေတာ မရှင်းရသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပေါက်ကွဲနိုင်သည့် မိုင်းများ၊ ဗုံးသီးများကို မရှင်းလင်းရသေးဘဲ ပြန်သွား ခွင့်ပြုပါက မတော်တဆထိခိုက်ပေါက်ကွဲမှုများကြောင့် အသက်ဆုံးရှုံးမှုများ၊ ကိုယ်လက်အင်္ဂါ ထိခိုက်မှုများ မဖြစ်စေရန်သွားလာကြခြင်း မပြုရန် သတိပေးခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပါကလည်း ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ပစ်သတ်ခံရမှုများဖြစ်လာနိုင်သောကြောင့် စခန်းအတွင်း အေးအေးဆေးဆေးနေကြရန် သတိပေးရခြင်းဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါ လေးကေကော်ဒေသတွင် စစ်ဘေးရှောင် ရွာသားများ၏ နေအိမ်များတွင် ကျန်ရှိခဲ့သည့် နေအိမ်အသုံးအဆောင်၊ ကား၊ ဆိုင်ကယ်၊ လယ်ယာသုံးစက်ပစ္စည်း၊ အိမ်သုံးစက်ပစ္စည်းများကို စစ်ကောင်စီတပ်စစ်ဆင်ရေးတိုက်ပွဲများအတွင်း ယူဆောင်သွားခြင်းမျိုးမကသည့်အပြင် မြေမြှုပ်မိုင်းပါ ထောင်ထားသည့်အပေါ် စစ်ဘေးရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ အခု ဒီရက်ပိုင်းက တိုက်ပွဲငြိမ်နေတော့ အိမ်ပြန်ကြည့်ချင်ကြတယ်၊ အားလုံးကလည်း ၅ လကျော် စစ်ရှောင် နေရတာဆိုတော့ အိမ်ပြန်ချင်နေကြပြီ၊ မိသားစုကလည်း တကွဲတပြားစီ ဖြစ်နေတော့ ပြန်ဆုံပြီး နေရပ်ပြန်နေချင်နေကြတာတော့ အမှန်ပါပဲ၊ အခုက လူထုပစ္စည်း ခိုးယူရုံတင်မဟုတ်တော့ဘဲ အိမ်တွေမှာ၊ လမ်းတွေမှာ မိုင်းတွေဆင်ထားတယ်ဆိုတော့ တော်တော်လေးကို စစ်တပ်ဆိုရင် စိတ်နာနေပါပြီ “ ဟု ကေအိုင်စီသို့ ပြောသည်။
ယခုနှစ် မေလ၌ လေးကေကော်- ဝေါလေဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲကြီးများ ဖြစ်ပွားမှုမရှိသော်လည်း၊ နေ့စဉ် နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများ၊ ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ဒေသတွင်း လမ်းပန်းဆက်သွယ်သွားလာမှုအနေဖြင့် မေတ္တာလင်းမြိုင်-အင်ကြင်းမြိုင်-မင်းလက်ပံ ကျေးရွာလမ်းပိုင်းအား အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားသော်လည်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်စစ်ရေး တင်းမာနေသည့် နေရာများအတွင်းရှိ စစ်ဘေးရှောင်အစုအဖွဲ့ များထံ စားနပ်ရိက္ခာများ၊ နေရာထိုင်ခင်း အကူအညီများပေးရန် ၀င်ရောက်သွားလာခွင့်ကို စစ်ကောင်စီဘက်မှ ပိတ်ပင်တားမြစ်ထားကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။



















