Home သတင်း KNU ဖလံ‌တောင်‌ဆေးရုံကို စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ် ဖျက်ဆီး၊ ‌ကျောင်းသူနှစ်ဦးကို ‌သေနတ်နှင့်ပစ်

KNU ဖလံ‌တောင်‌ဆေးရုံကို စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ် ဖျက်ဆီး၊ ‌ကျောင်းသူနှစ်ဦးကို ‌သေနတ်နှင့်ပစ်

1502
ပုံ‌ဟောင်း

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ -၁) ဖားအံမြို့နယ် ဖလံ‌တောင်‌ကျေးရွာရှိ တိုက်နယ်‌ဆေးရုံကို ယမန်‌နေ့ နိုဝင်ဘာလ ၁၆ ရက်‌နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စစ်‌ကောင်စီနှင့် နယ်ခြား ‌စောင့်တပ် (BGF) ပူး‌ပေါင်းတပ်မှ သွား‌ရောက်ဖျက်ဆီးသည့်အပြင် ‌ကျောင်းမှပြန်လာသည့် ‌ကျောင်းသူ နှစ်ဦးကိုလည်း ‌သေနတ်နှင့်ပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင်တာဝန်ရှိသူက ‌ပြောသည်။

အဆိုပါ တိုက်နယ်‌ဆေးရုံကို စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်မှ သွား‌ရောက်ရိုက်ဖျက်ပြီး‌နောက် ‌ဆေးရုံအတွင်းရှိ ‌ဆေးဝါးနှင့်ပစ္စည်းများနှင့် ဆိုင်ကယ်များကိုလည်း ဖျက်ဆီးသွားကာ ‌ကျေးရွာအတွင်းရှိ‌နေထိုင်သည့် ရွာသားများကို လည်း အပြင်ထွက်ခွင့်မ‌ပေး‌တော့‌ကြောင်းလည်း KNU သထုံခရိုင်က ‌ပြောသည်။

ထို့အပြင် အဆိုပါ စစ်‌ကောင်စီပူး‌ပေါင်းတပ်ဖွဲ့ဝင်များသည် တိုက်နယ်‌ဆေးရုံကို သွား‌ရောက်မဖျက်ဆီးခင် ပစ်ခတ် မှုများရှိ‌သော‌ကြောင့် ‌ကျောင်းဆက်မတက်ရဲဘဲ ဆိုင်ကယ်စီးပြီး ပြန်လာသည့် ‌ဘောသဗြုရွာ‌နေ ဆဌမတန်း အရွယ်‌ကျောင်းသူနှစ်ဦးကို ဖလံ‌တောင်ရွာအ‌ရောက်တွင် စစ်‌ကောင်စီတပ်မှ ‌သေနတ်နှင့်ပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ‌ပြောသည်။

၎င်းက “သူတို့‌ဆေးရုံကိုသွားဖျက်ဆီးတာက မွန်းလွဲ ၂ နာရီဝန်းကျင်မှာ သွားဖျက်တာ‌ပေါ့ ။ တူ‌တွေနဲ့ သွားဖြိုတာ။ ‌ကျောင်းသူနှစ်ဦးကို ပစ်တဲ့အချိန်က ‌နေ့လည် ၁၁နာရီမှာ‌ပေါ့။ ‌ကျောင်းသူ‌တွေကိုပစ်တာကအရင်၊ ပြီးမှ ‌ဆေးရုံ သွားဖြိုတာ။ တိုက်ပွဲဖြစ်‌တော့ အဲဒီ‌ကျောင်းသား‌တွေက ‌ကျောင်းမတက်ရဲ‌တော့ဘူး ပြန်လာကြတယ်။ အဲဆိုင် ကယ်နဲ့ ပြန်ဆင်းလာတဲ့ ‌ကျောင်းသူကို သူတို့‌သေနတ်နဲ့ ပစ်သွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီ နှင့် BGF ပူး‌ပေါင်းတပ်တို့ ပစ်ခတ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသွားသည့် ဆဌမ တန်း‌ကျောင်း သူနှစ်ဦးမှာ ‌နော်အိ‌ထွေးနှင့် ‌နော်စုမွန်ဖြစ်ပြီး ဖလံ‌တောင်ရွာအ‌ပေါ်ဘက်ရှိ မယ့်သဲခီးကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းတွင် ‌ကျောင်းသွားတက်ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဟတ္တလိုက်‌ကျေးရွာအုပ်စုအတွင်းရှိ ဖလံ‌တောင်‌ကျေးရွာနှင့် ‌ရေ‌အေး‌ကျေးရွာတို့တွင် စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်တို့မှ တပ်စွဲထားကာ ရွာအပြင်ဘက်တွင်လည်း မိုင်း‌ထောင်ထားခြင်း ရှိသည့်အပြင် ‌ဒေသခံရွာသားအချို့ကိုလည်း BGFက ဖမ်းဆီးထားခြင်းရှိ‌ကြောင်းလည်း KNU ဘက်က ‌ပြောသည်။

ထို့အပြင် ဖလံ‌တောင်‌ကျေးရွာနှင့် နို‌အောလာ‌ကျေးရွာအကြားရှိ မဲသန‌ချောင်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက်‌နေ့ နံနက် ၉နာရီခွဲအချိန်ခန့်တွင် BGF-၁၀၁၄ တပ်ရင်းမှ ဗိုလ်လိုက်သိန့် ၊ ဗိုလ်တင်ဝင်၊ ဗိုလ်ကြာ‌အေးတို့ တပ်ဖွဲ့တို့နှင့် နယ်‌မြေခံကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ ၁ ၊ တပ်ရင်း (၁) အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF ဘက်မှ နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူ သထုံခရိုင် သတင်းနှင့် ပြန်ကြား‌ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ‌ကေအဲန်ယူ သထုံခရိုင်အတွင်း ဖြစ်ပွား‌နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်ခြား‌စောင့်တပ် (BGF) တာဝန်ရှိသူများကို ‌ကေအိုင်စီက ကြိုးစားဆက်သွယ်‌နေဆဲဖြစ်သည်။