Home သတင်း ထားဝယ်မြို့နယ် စစ်‌ဘေး‌ရှောင်များ တချို့‌နေရပ်ပြန်၊ တချို့ကျန်

ထားဝယ်မြို့နယ် စစ်‌ဘေး‌ရှောင်များ တချို့‌နေရပ်ပြန်၊ တချို့ကျန်

1722
Photo: CJ

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား အစည်းအရုံး-KNU၊ တပ်မဟာ ၄ နယ်‌မြေ၊ လယ်ဒိုစိုး(ထားဝယ်)မြို့နယ်တွင် ယခုလဆန်းပိုင်းက စစ်‌ကောင်စီ၏ ‌ကျေးရွာအတွင်း ဝင်‌ရောက်ဖမ်းဆီးမှုပြုလုပ်ခြင်း‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသူ ‌ဒေသခံ ‌ကျေးရွာသားတချို့သည် ယခုအချိန်တွင် ‌နေရပ်ပြန်သွားပြီးဖြစ်သလို ကျန်အချို့မှာ လုံခြုံ‌ရေး‌ကြောင့် မပြန်နိုင် ‌သေး‌ကြောင်း ‌ဒေသတာဝန်ရှိသူများထံမှ သိရသည်။

‌ဒေသခံ လူထုများဖြင့် ဖွဲ့စည်းထားသည့် က‌မော်‌သွေး(Ka Mow Thwe)လူမှုအဖွဲ့အစည်းမှ ကူညီ‌စောင့်‌ရှောက် ထားရသည့် သစ်ကတိုး၊ ‌မြေးခန္ဓိ၊ ‌ရေပူ နှင့် ထန်းတလုံး‌ကျေးရွာ ၄ရွာမှ ‌ဒေသခံ (၅၀၀)‌ကျော်ထဲမှ သစ်ကတိုး နှင့် ‌မြေးခန္ဓိ‌ကျေရွာမှ လွဲ၍ ကျန်‌ကျေးရွာ ၂ရွာမှ ‌ဒေသခံ‌ကျေးရွာသားများမှာ မိမိ‌နေရပ်သို့ ပြန်သွားကြပြီးဖြစ်‌ကြောင်း နယ်‌မြေခံ KNU တပ်မှူးတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “လုံခြုံ‌ရေးအရက မ‌သေချာ မ‌ရေရာ‌သေး‌တော့ မပြန်ရဲ‌သေးကြတာ။ စစ်တပ်က ရွာထဲကို တက်လာ မလား၊ မတက်လာဘူးလားဆိုတာက ရွာထဲကို ဝင်ထွက်သွားလာတဲ့ သူ မရှိ‌တော့ သူတို့လည်း မပြန်ရဲ ‌သေးကြတာ။ တကယ်လို့ ပြန်လို့ ဟိုက ထပ်ဝင်ဖမ်းတာမျိုးလုပ်ရင် ‌နောက်တစ်ကြိမ်းထပ်‌ပြေးရမှာမိုလို့ သူတို့ ‌ကြောက်‌နေကြ တာ။ အခုက ဒီမှာ ၈၆ ‌ယောက်ကျန်‌သေးတယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ နိုဝင်ဘာလ ၁၇ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှ ပြန်ဆုတ်ခွာသွားပြီးဖြစ်‌သော်လည်း ‌ဒေသခံ ‌ကျေးရွာသားများ အ‌နေဖြင့် မိမိ‌နေရပ်ကို ပြန်ရန် ‌ကြောက်ရွံ့‌နေကြရဆဲဖြစ်ပြီး လက်ရှိတွင် ‌နေထိုင်စား‌သောက်‌ရေးအတွက် အဆင်‌ပြေ‌နေ‌သေး‌ကြောင်း အဆိုပါ တပ်မှူးက ဆက်‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်‌နေ့က သစ်ကတိုးရွာနှင့် ဟာမြင်းကြီး‌ကျေးရွာကြားတွင် သွားလာလှုပ်ရှား‌နေသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များကို ‌ဒေသခံ ပြည်သူ့ ကာကွယ်‌ရေး တပ်ဖွဲ့(PDF)က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာတွင် ထိခိုက်ကျဆုံးမှုများရှိ‌သော‌ကြောင့် ၎င်းစစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ‌ကျေးရွာထဲ ဝင်‌ရောက်ကာ မသကင်္ာ သူများကို လိုက်လံ ဖမ်းဆီးမှုများ လုပ်‌ဆောင်‌နေသည့်အတွက် ထို‌ကျေးရွာ ၄ရွာ ‌ဒေသခံလူထုရာနှင့် ချီပြီး ထွက်‌ပြေး တိမ်း‌ရှောင်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည့် ‌ဒေသခံ ‌ကျေးရွာသား ၅၀ဝ ‌ကျော်ကို က‌မော်‌သွေးလူမှုအဖွဲ့အစည်းမှ ကူညီ‌စောင့်‌ရှောက်ထားခဲ့ရပြီး လက်ရှိတွင် အများစုမှာ မိမိ‌နေရပ်သို့ ပြန်သွားကြပြီးဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းများတွင်လည်း KNU တပ်မဟာ ၄ ထိန်းချုပ်နယ်‌မြေအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ ဝင်များ ပိုမိုဝင်‌ရောက် လှုပ်ရှားလာမှု‌ကြောင့် နယ်‌မြေခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ထိ‌တွေ့ တိုက်ပွဲ များဖြစ် ‌ပေါ်ခဲ့ပြီး ‌ဒေသခံ ‌ကျေးရွာသားအချို့ကိုလည်း စစ်‌ကောင်စီဘက်မှ ဓားစာခံ ဖမ်းဆီးထားမှုများ ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။