Home သတင်း နယ်‌မြေတွင်း ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်ကို တိုက်ထုတ်ရုံသာရှိ‌ကြောင်း KNU ‌ပြော

နယ်‌မြေတွင်း ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်ကို တိုက်ထုတ်ရုံသာရှိ‌ကြောင်း KNU ‌ပြော

2120
Photo: KNU

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေထဲတွင် ဝင်‌ရောက်လာသည့် စစ် ‌ကောင်စီတပ်များကို တိုက်ထုတ်ရုံမှလွဲ၍ အခြား‌ရွေးချယ်စရာ နည်းလမ်းမရှိ‌ကြောင်း ကရင်အမျိုးသားလွတ် ‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်မဟာ(၅)၏ ဗျူဟာမှူးက ‌ပြောဆိုလိုက်သည်။

ယခုနိုဝင်ဘာလမှစ၍ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်နှင့် ၎င်းတို့၏လက်‌အောက် ခံ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF)တို့ ပူး‌ပေါင်းတပ်ဖွဲ့များသည် တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်လှုပ် ရှားသည့် အ‌ပေါ် KNLA တပ်မ ဟာ(၅) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ‌ကေအိုင်စီ၏ ဆက်သွယ်‌မေးမြန်းမှုကို ယင်းသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူက “ဒီဗမာစစ်တပ်က တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းသူပြည်သူ‌တွေအ‌ပေါ် ‌သွေးထွက်သံယိုမှု‌တွေ လုပ်‌ဆောင် ‌နေတယ်။ တိုင်းရင်းလူမျိုးစုတိုင်းလည်း ဒါကို ရင်ဆိုင်ကြုံ‌တွေ့‌နေရတယ်။ သူတို့ကို ကျ‌နော်တို့ ‌နေရာ‌ပေး လို့မရဘူး။ ကျ‌နော်တို့ နယ်‌မြေထဲမှာဆို ကျ‌နော်တို့က တာဝန်ရှိသူ‌တွေဖြစ်သလို ဌာ‌နေလူထု ‌တွေဖြစ်ကြတဲ့ အတွက် ကာကွယ်ရမယ်။ တိုက်ထုတ်သွားရမှာဖြစ်ပါတယ်။”ဟု နိုဝင်ဘာလ ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေဖြစ်သည့် ကမ‌မောင်း-ဖာပွန်ကြား၊ မာ‌ထော၊ ‌ဘောကျို့ထာ့၊ ‌ခေါပုတ် စသည့်‌ဒေသများတွင် နိုဝင်ဘာလဆန်းပိုင်းမှစ၍ စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ်-BGF ပူး‌ပေါင်းတပ်ဖွဲ့ ဝင်များသည် တပ်အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက် ထိပ်တိုက်ပစ်ခတ်တိုက်ခိုက်မှုများလည်း ‌နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်ဟု ‌ဒေသခံ သတင်းအရင်းအမြစ်များက ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်၊ ‌နေ့လည်ပိုင်းတွင်လည်း နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်များ အပြည့်တင် ‌ဆောင်သည့် ကား ၂၄စီးနှင့် စစ်‌ကောင်စီတပ်သား အပြည့်တင်‌ဆောင်သည့် ကား ၁စီးတို့သည် ကမ‌မောင်းမှတစ်ဆင့် KNU တပ်မဟာ ၅နယ်‌မြေ ဖာပွန်‌ဒေသဘက်သို့ ဦးတည်သွား‌နေသည်ကို မြင်‌တွေ့‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

ထိုစစ်‌ရေးလှုပ်ရှားမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး‌စောထူးက‌ရှောက “BGF က‌တော့ စစ်တပ်ရဲ့ ကြိုးကိုင်မှု‌အောက်မှာ ရှိတယ်ဆိုတာ အရင်က နားလည်‌ပေးလို့ရတယ်။ ‌ရှေ့တန်းနယ်‌မြေမှာဆိုရင်လည်း ကျ‌နော်တို့နဲ့ ချိတ်ဆက်မှုရှိတယ်။ စစ်တပ်က ဘယ်လိုအစီအစဉ်ပဲရှိရှိ ဝင်မပါနဲ့‌ပေါ့‌နော်။ ‌နောက်ပိုင်း BGF က စစ်တပ်အစီအစဉ်တိုင်း လိုက်လုပ်‌ဆောင်‌တော့ ပစ်ခတ်မှု‌တွေ ရှိလာတယ်‌ပေါ့။ လက်ရှိ‌ခြေအ‌နေအရ ဗမာစစ်တပ်ကို‌တော့ ‌ရှောင်လွှဲလို့မရဘူး။ ကျ‌နော်တို့မလုပ်လည်း သူတို့က လုပ်လာမှာပဲ။ စစ်‌ရေးစစ်ရာနဲ့ပတ်သက်ပြီး ဖာပွန်-ကမ‌မောင်းလမ်းက‌တော့ BGF အတွက် မရည်ရွယ်ပါဘူး။ အာဏာရှင်အုပ်စုအတွက်ပဲ ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပွင့်လင်းရာသီ‌ရောက်လာချိန်တွင် KNU တပ်မဟာ(၅)နယ်‌မြေအတွင်းရှိ စစ်‌ကောင်စီတပ်စခန်းများထံ ရိက္ခာနှင့် လက်နက်ခဲယမ်းမီး‌ကျောက်များပို့‌ဆောင်ရန် အသုံးပြုသည့် ဖာပွန်-ကမ‌မောင်း လမ်း‌ကြောင်းတွင် နယ်‌မြေခံ KNLA ဘက်မှ ပိတ်ထားဆဲဖြစ်သလို လမ်း‌ကြောင်းတစ်‌လျှောက်တွင် မိုင်းဆွဲတိုက်ခိုက်မှုများလည်း ‌နေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု ‌ဒေသခံသတင်းအရင်းအမြစ်များက ‌ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများ‌ကြောင့် စစ်‌ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ ၅ ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဖာပွန်-ကမ‌မောင်းကားလမ်း ဖြတ်သန်းသွားလာမှုကို KNLA ဘက်က ပိတ်ထား သည့်‌ပေါ် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ကားလမ်းအနီးရှိ မာ‌ထော၊ ကွီ‌ချေနှင့် ထွီးသီးအု‌ကျေးရွာများသို့ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျက်ရှိသည့်အတွက် ‌ဒေသခံရွာသားများမှာ ‌ကျေးရွာအတွင်း မ‌နေရဲကြ‌တော့ဘဲ ‌ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြရသည်ဟုလည်း ‌ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။