နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေး ရွာထဲသို့ဝင်ကာ မသကင်္ာသူများကို လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်သည့်အတွက် ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ယနေ့အထိ ကျေးရွာ (၄) ရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထားဝယ်မြို့နယ်ရှိ သစ်ကတိုးနှင့် ဟာမြင်းကြီးရွာကြားတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲဝင်၍ လူအချို့ကို ဝင်ရောက်ဖမ်းဆီးမှုများလုပ်ဆောင်သောကြောင့် သစ်ကတိုးရွာ၊ မြေးခန္တီရွာ၊ ရေပုရွာနှင့် ထန်းတလုံးရွာ စသည့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၃၀၀)နီးပါးမှ ဒေသခံ (၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုဒေသခံ များကို လိုက်လံကူညီပေးသူများက ပြောသည်။
“စစ်တပ်က ရွာမှာဝင်ပြီး အဖမ်းအဆီးအတွေလုပ်တော့ အချို့ ဖမ်းဆီးခံရတာရှိတယ်။ ပြည်သူတွေလည်း ရွာမှာ မနေရဲတော့ဘူး၊ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေတယ်။ ရွာမှာကျန်နေသေးတဲ့သူတွေက စစ်တပ်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့လူတွေပဲ ကျန်နေတယ်။ ပြည်သူတွေက အခုအခြားရွာမှာ သွားတိမ်းရှောင်နေတယ်”ဟု တိမ်း ရှောင်နေရသူများကို လိုက်လံကူညီဆောင်ရွက်ပေးသူတစ်ဦးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
အဆိုပါ ဒေသရှိ ထွက်ပြေးနေရသည့် ဒေသခံပြည်သူများမှာ ကရင်တိုင်းသားလူမျိုးများနှင့် ထားဝယ်တိုင်းရင်း သားလူမျိုးများဖြစ်ကြပြီး လက်ရှိတွင် တိမ်းရှောင်နေရသည့် ပြည်သူများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းလည်း ၎င်းလိုက်လံ ကူညီဆောင်ရွက်ပေးသူက ဆက်ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် စစ်ကောင်စီ လက်အောက်ခံတပ်ဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ ၄၀၆၊ ခမရ ၄၀၇ တို့မှ တပ်ဖွဲ့အင်အား ၁၀ဝ ကျော်သည် သစ်ကတိုးကျေးရွာတွင် တပ်စွဲထားကာ အနီးအနားကျေးရွာများရှိ မသကင်္ာ သူများကို လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ တိမ်းရှောင်ရသည့် ဒေသခံများမှာ နေရပ်ပြန်ရန် မလွယ်ကူသေးသည့်အခြေအနေတွင်ရှိသည်ဟု ဒေသခံများက ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ထဲရှိ သစ်ကတိုးရွာနှင့် ဟာမြင်းကြီးကျေးရွာများတွင် ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦး ကျဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သစ်ကတိုးကျေးရွာတွင် ၃ ရက်ကျော်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းနှင့်ဆက်စပ်၍ တောနင်းရှာဖွေ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သေးဟု ဒေသခံများက ပြောသည်။



















