Home သတင်း ဘီယာထွက်ဝယ်သည့် BGF တပ်သားနှစ်ဦး ပစ်သတ်ခံရ

ဘီယာထွက်ဝယ်သည့် BGF တပ်သားနှစ်ဦး ပစ်သတ်ခံရ

1558

‌အောက်တိုဘာ ၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာတွင် ဘီယာထွက်ဝယ်သည့် နယ်ခြား‌စောင့်(BGF)တပ် ဖွဲ့မှ တပ်သားနှစ်ဦး ‌အောက်တိုဘာလ ၅ရက် ယ‌နေ့ ‌နေ့လည်တွင် ပစ်သတ်ခြင်းခံရသည်ဟု သိရသည်။

အဆိုပါတပ်သားနှစ်ဦးသည် ကျိတ်‌ကျေးရွာအနီးတွင် အ‌ခြေချသည့် BGF တပ်မှ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ယ‌နေ့ ‌နေ့လည် ၁၂နာရီခန့်တွင် ရွာထဲရှိ ‌ဈေးဆိုင်တစ်ဆိုင်သို့ ဘီယာသွားဝယ်စဉ် ‌သေနတ်သမားနှစ်ဦးက ပစ္စတိုဖြင့် အနီး ကပ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“ရွာသား‌တွေ‌ပြောတာက ၁၂နာရီ‌လောက်မှာ အရပ်ဝတ်နဲ့ပဲ သူတို့နှစ်‌ယောက် ဘီယာလာဝယ်‌သောက်တာ။ ပစ္စတို နဲ့ အနီးကပ်ပဲ သွားတယ်။ တစ်‌ယောက်ကို ‌လေးချက်စီ ပစ်သွားတာ ‌နေရာမှာတင် ပွဲချင်းပြီးပါပဲ။ လာပစ်တဲ့သူ‌တွေ ကလည်း အရပ်ဝတ်နဲ့ပဲ လာတယ်။ ပစ်ပြီး ရွာပြင်ဘက်ကို ‌ရှောင်သွားကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်သတ်ခံရသည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးမှာ ကျိုက်ဒုံမြို့အ‌ခြေစိုက် အမှတ်(၁၀၂၃)တပ်ရင်းမှဖြစ်‌ကြောင်း နယ်‌မြေခံ တာဝန်ရှိသူများက ‌ပြောဆိုကြပြီး ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်‌ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့က အခင်းဖြစ်ပွားရာ‌နေရာသို့ ‌သေနတ်ပစ်‌ဖောက်ဝင်‌ရောက်ကာ ‌သေဆုံးသူ၏ အ‌လောင်းများကို လာ‌ရောက်သယ်‌ဆောင်သွားခဲ့သည်ဟု ‌တွေ့မြင်ခဲ့သူများက ‌ပြောသည်။

လက်ရှိ ကျိတ်‌ကျေးရွာအနီးတွင် စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၃ ) လက်‌အောက်ခံ ခမရ – ၅၅၇နှင့် ကျိုက်ဒုံမြို့အ‌ခြေစိုက် နယ်ခြား‌စောင့်တပ်-BGF (၁၀၂၃)တပ်ရင်းတို့ အ‌ခြေချလှုပ်ရှား‌နေသည်။