Home သတင်း ရပ်ရွာလုံခြုံ‌ရေးအတွက် လှိုင်းဘွဲမြို့နယ်ရှိ ‌ဒေသခံအချို့ကို BGF က စစ်သင်တန်းတက်ခိုင်း‌နေ

ရပ်ရွာလုံခြုံ‌ရေးအတွက် လှိုင်းဘွဲမြို့နယ်ရှိ ‌ဒေသခံအချို့ကို BGF က စစ်သင်တန်းတက်ခိုင်း‌နေ

2309

‌အောက်တိုဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာတစ်ချို့တွင် ရပ်ရွာလုံခြုံ‌ရေးအတွက်ဟုဆိုကာ အာဏာသိမ်း စစ်‌ကောင်စီတပ် လက်‌အောက်ခံ၊ နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့က ‌ဒေသခံရွာသားအချို့အား စစ်သင်တန်းတက်‌ရောက်ရန် လာ‌ရောက် ဖိအား‌ပေး ‌ပြောဆိုမှုများ ရှိ‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

‌ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ‌ပြောဆိုချက်အရ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှား‌နေသည့် BGF (၁၀၁၁)တပ်ရင်းမှ တာဝန်ရှိသူများသည် ယခုရက်ပိုင်းအတွင်း ထို‌ဒေသရှိ ‌ကျေးရွာတာဝန်ရှိသူများကို ‌ခေါ်ယူ‌တွေ့ဆုံကာ ‌ဒေသခံရွာသားများအ‌နေဖြင့် ရပ်ရွာလုံခြုံ‌ရေးအတွက် စစ်သင်တန်းရမည့် လူဦး‌ရေစာရင်းကို ‌ပေးပို့ခိုင်းခဲ့သည်ဟု သိရသည်။

“သူတို့ရွာမှာ လာတယ်‌ပေါ့။ သူတို့‌ပြောတာ‌တော့ သင်တန်းတက်‌စေချင်တယ်‌ပေါ့‌နော်။ ဘာလို့လဲဆို‌တော့ ကိုယ့်‌ကျေး ရွာလုံခြုံ‌ရေးအတွက်တဲ့။ တခုခုဆိုရင် နင်တို့ရွာမှာ တိုင်စရာလူမရှိရင် ခုဏက လုံခြုံ‌ရေးအဖွဲ့ကို တိုင်လို့ရတာ‌ပေါ့။”ဟု ‌ဒေသခံများနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်သင်တန်းကို ‌ယောက်ျား‌လေးဖြစ်‌စေ၊ မိန်းက‌လေးဖြစ်‌စေ မည်သူမဆိုတက်၍ရ‌ကြောင်း၊ သင်တန်းကာလ တစ်လတာဖြစ်ပြီး သင်တန်းပြီးလျှင် အစားအ‌သောက်နှင့် အဝတ်အထည် ပြန်လည် ‌ထောက်ပံ့မည်ဖြစ်‌ကြောင်းကို ‌ပြောဆိုခဲ့‌သော်လည်း ‌ဒေသခံများမှာ ၎င်းသင်တန်းကိုတက်‌ရောက်ရန် ဆန္ဒမရှိကြ‌ကြောင်း အဆိုပါနီးစပ်သူက ဆက် ‌ပြောသည်။

အမည်မ‌ဖော်လိုသူ အခြား‌ကျေးရွာမှ ‌ဒေသခံတစ်ဦးကလည်း “အရင်ဆုံး လူပို့ခိုင်းတာကို ရွာသား‌တွေက မသွားကြတဲ့အခါကျ‌တော့ သူတို့က မဲနှိုက်တဲ့စနစ်‌တွေလုပ်ဖို့ ကမ်းလှမ်းတာကို ‌ကျေးရွာတာဝန်ရှိသူ‌တွေက အဲလိုမလုပ်ပါနဲ့။ ကြည့်ပြီး စီစဉ်မယ်‌ပေါ့။ အဲဒါကို အ‌ခြေအ‌နေအရ နာမည်စာရင်း ‌ပေးလိုက်တာ ရှိတယ်”ဟု ‌ပြောသည်။

ထို့အပြင် BGF တာဝန်ရှိသူများသည် ‌ဒေသခံရွာသားများ စစ်သင်တန်းတက်ရန်အပြင် မှတ်ပုံတင် မပြုလုပ်ရ‌သေး‌သော ရွာသားများကို မှတ်ပုံတင်ပြုလုပ်ရန်နှင့် ‌ကျေးရွာအချို့တွင် လစ်လပ်‌နေသည့် ‌ကျေးရွာဥက္ကဋ္ဌ‌နေရာကို ပြန်လည်‌ရွေး ချယ်တင်‌မြှောက်ရန် စသည်တို့ကို လာ‌ရောက်‌ပြောဆိုမှုများရှိသည်ဟုလည်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရှိရ သည်။

‌ဒေသခံရွာသားများကို စစ်သင်တန်းတက်ခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များထံ ‌ကေအိုင်စီက ‌မေးမြန်းရန် ကြိုးစား‌သော်လည်း ဆက်သွယ်၍ မရ‌ပေ။

ယင်းသို့ စစ်သင်တန်းတက်ခိုင်းရာတွင် ပါဝင်သည့်‌ကျေးရွာများမှာ လှိုင်းဘွဲမြို့နယ်ရှိ ကျုံပကို၊ ‌ကော့ဆွန်‌ဘောင်၊ အုန်းနှစ်ပင်၊ ‌ညောင်ပင်၊ သ‌ပြေကုန်း၊ ‌နောင်ပနာမီ၊ ‌ရွှေတီကုန်း၊ ‌ကော့ကလွန်နှင့် ကျုံပကိုရွာသစ် စသည့်‌ကျေးရွာများ ပါဝင်သည်ဟု သိရသည်။