Home သတင်း မြဝတီမြို့တွင် တစ်ရက်အတွင်း ‌နေရာနှစ်ခု၌ လက်လုပ်မိုင်း ၂ လုံး ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့

မြဝတီမြို့တွင် တစ်ရက်အတွင်း ‌နေရာနှစ်ခု၌ လက်လုပ်မိုင်း ၂ လုံး ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့

1657

ဩဂုတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယ‌နေ့ ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် လက်လုပ်မိုင်း ၂လုံး ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ယ‌နေ့နံနက်ပိုင်းက မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ‌ရွှေဝါရင်လမ်းနှင့် သုခ ၂ လမ်း‌ထောင့် ပလက်‌ဖေါင်း‌ဘေးတွင် ကီးပက်ဖုန်းဖြင့်ပြုလုပ်ထားသည့် ချိန်ကိုက်မိုင်း ၁ လုံး ‌ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး‌နောက်
မွန်းလွဲ ၂ နာရီချိန်ခန့်တွင်လည်း အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း‌ရွှေ‌သောင်ရင်းဆိုင်ကယ်တက္ကစီဂိတ် အမှတ် ၃ အနီးရှိ ‌ရေ‌မြောင်းတွင် လက်လုပ်မိုင်း ၁ လုံး ထပ်မံ‌ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်း‌ပေါက်ကွဲမှုများ‌ကြောင့် မည်သူတစ်ဦးမျှထိခိုက်ဒဏ်ရာရမှုများ မရှိပါ။
“မွန်းလွဲ ၂ နာရီခန့်က မြဝတီမြို့မရဲစခန်း အ‌နောက်ဘက် လမ်းမှာ ‌ပေါက်ကွဲခဲ့တဲ့ မိုင်းက မနက်ပိုင်းက ‌ပေါက်ခဲ့တဲ့ မိုင်းထက် ပို၍ပြင်းအား‌ကောင်းပြီး အသံလည်း ပိုကျယ်တယ်။ ကွန်ကရစ်‌ရေ‌မြောင်းဖုံးပါ လန်ထွက်သွားပြီး ရဲစခန်းခြံစည်းရိုး အုတ်နံရံ‌တွေမှာပါ မိုင်းစ‌တွေ ထိမှန်ခဲ့တဲ့အပြင် ဆိုင်ကယ်တက္ကစီဂိတ်အမိုးပါ ‌ပေါက်ထွက်သွားတယ်။ ဆိုင်ကယ်တက္ကစီဂိတ်က ယခု ကိုဗစ်ကာလမှာ ဂိတ်ပိတ်ထားလို့သာ လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့တာဖြစ်တယ်” ဟု ဖြစ်စဉ်‌နေရာအနီး ‌နေထိုင်သူတစ်ဦးက ‌ပြောသည်။

မြဝတီမြို့တွင် စစ်အာဏာသိမ်းပြီး‌နောက် ယခုကဲ့သို့ လက်လုပ်မိုင်း‌ပေါက်ကွဲမှုမျိုး ၁ဝ ကြိမ် ထက်မနည်းရှိခဲ့ပြီး‌နောက် ၂ လ နီးပါးခန့် ငြိမ်သက်‌နေရာမှ ယ‌နေ့မှာ ထပ်မံ၍ မိုင်း‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိမြဝတီမြို့၌ ကိုဗစ်ကာလ Stay at Home ‌နေထိုင်ရန် သတ်မှတ်ထားသည့်အပြင် နံနက် ၉ နာရီ‌နောက်ပိုင်း အပြင်မထွက်ရန် ‌ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်မှာ ၁ လ ‌ကျော်ရှိလာပြီးဖြစ်သည်။

ယခုအခါ မြဝတီမြို့တွင် ကိုဗစ်-၁၉ ‌ရောဂါကူးစက်မှု နှင့်‌သေဆုံးမှု မရှိသ‌လောက် နည်းပါးလာပြီဖြစ်၍ အထက်ပါ အမိန့်ကန့်သတ်ချက် များအား ‌ဖြေ‌လျှော့သင့်ပြီးဟု ‌ဒေသခံပြည်သူများအကြား ‌ပြောကြားမှုများ ရှိ‌နေသည်။