ဩဂုတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ နှင့် နယ်ခြားစောင့်တပ် (BGF)မှ KNU-ကရင်အမျိုးသားအစည်းအရုံး ကော့ကရိတ်မြို့နယ်အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)အဖွဲ့ဝင်များ ရှိ၊ မရှိဝင် ရောက် စစ်ဆေးမည်ဖြစ်သောကြောင့် အဆိုပါ အဖွဲ့များကို လက်ခံမထားရန် ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းက ဩဂုတ်လ ၂၄ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်းနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားထားသည့် စာထွက်ပေါ်လာခဲ့သည်။
သက်ဆိုင်ရာ တပ်မဟာမှူး၊ တပ်ရင်းမှူး နှင့် မြို့နယ်မှူး အသီးသီးကို လိပ်မူ၍ ဖော်ပြထားသည့် အဆိုပါ ညွှန်ကြား ချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက အဆိုပါ ထုတ်ပြန်ချက်ကို ဗဟိုကိုသာ ပေးပို့ထားကြောင်း နှင့် ၎င်းတစ်ဦးတည်း၏ သဘောထားမဟုတ်ကြောင်း ယခုလိုပြောသည်။
“ဒါက ကျနော့်တစ်ယောက်ထဲ သဘောထားမဟုတ်ဘူး။ ကျနော်တစ်ယောက်ထဲ လုပ်ပိုင်ခွင့်မရှိဘူး၊ ပြောပိုင်ခွင့် လည်းမရှိဘူး။ ဒီညွှန်ကြားမှုမျိုးက သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာက သက်ဆိုင်ရာ ဗဟိုခေါင်းဆောင်တွေက ကျနော့်ကို ပြောမှာပဲ။ ကျနော့်အနေနဲ့ သတင်းဌာန နဲ့ ပြည်သူတွေကို ရှင်းပြစရာအကြောင်းမရှိဘူး” ဟု ကေအိုင်စီသို့ပြောသည်။
လက်ရေးမူနှင့်ရေးသားထားသည့် ၎င်းညွှန်ကြားစာအရ KNU ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် အံဖကြီး၊ အံဖလေး ကျေးရွာအတွင်း PDF တပ်ဖွဲ့ဝင်များ ခိုလှုံနေကြောင်း သတင်းရရှိ၍ စစ်ကောင်စီနှင့် BGFတပ်ဖွဲ့ ဝင်များမှ ဝင်ရောက် ရှာဖွေမည့်အပေါ် ၎င်းနေရာတွင် PDF ရှိ၊ မရှိ နှင့် KNU အနေဖြင့် ၎င်း (PDF) နှင့် NUG တို့ကို နယ်မြေအတွင်း လက်ခံထားရန် ဆန္ဒမရှိသောကြောင့် အမြန်ဆုံး စုံစမ်းအသိပေးရန် ဟူ၍ ဖော်ပြညွှန် ကြားထားခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည် ဆိုသည့် KNU ကွန်ဂရက်မှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်မှာ မပြောင်းလဲသေးကြောင်း၊ စစ်ပွဲကြောင့် ကရင်ပြည်သူများ မည်သို့ ခံစားရသည်ကို အသိဆုံးဖြစ် ကြောင်း၊ စစ်ရေးနည်းကြောင့် ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိကြောင်း နှင့် စစ်ရေးနည်းကို ရွေးချယ်ခြင်း သည် ပြည်သူများကို ချစ်ရာမရောက်ကြောင်း နှင့် စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှ ရှောင်ရန် ပဒိုစောရွှေမောင်း၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။
ယခုလို NUG နှင့် PDF ကို KNU မှ လက်ခံထားရန် ဆန္ဒမရှိကြောင်း ညွှန်ကြားချက်မျိုး ထွက်ပေါ်လာသော် လည်း KNU ၏ ဗဟို ထိပ်ပိုင်းခေါင်းဆောင်များကမူ ဒီမိုကရေစီလိုလားပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြသည့် မည်သူ မဆို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း သဘောထား ထုတ်ပြန် ပြောဆိုထားသည်။
အလားတူ လက်ရှိ PDF နှင့် NUG ကို အကြောင်းပြ၍ KNU နယ်မြေအတွင်း စစ်ရေးဝင်ရောက် လှုပ်ရှား လာခြင်းအပေါ် KNU အနေဖြင့် မိမိကိုယ်ကို အပြည့်အဝ ခုခံပိုင်ခွင့်ရှိသည့် သဘောထားအတိုင်း မိမိ ထိန်းချုပ်နယ်မြေကို ကာကွယ်ထားရန် အောက်ခြေတပ်ရင်း တပ်ဖွဲ့များကို အပြည့်အဝ လုပ်ပိုင်ခွင့် ပေးထားကြောင်း ယခုရက်ပိုင်းအတွင်း KNU ဗဟိုဘက်က ပြောဆိုထားမှုမျိုးရှိသည်။
အဆိုပါ ညွှန်ကြားချက်မျိုးမထွက်ပေါ်လာခင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီ နှင့် BGF ပူး ပေါင်းတပ်ဖွဲ့ဝင်များသည် PDF နှင့် NUG များကို ရှင်းလင်းချေမှုန်းမည်ဟူသည့် အကြောင်းပြချက်ဖြင့် KNU တပ်မဟာ (၆) ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ ခြင်း ကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ယခုလို ညွှန်ကြားချက်မျိုးထွက်ပေါ်လာခြင်းအပေါ် ကရင်လူထုအကြား ဝေဖန်မှုများ မြှင့်တက်နေပြီး မိမိ နယ် မြေအတွင်း စစ်ကောင်စီ၏ နယ်မြေကျူးကျော်ဝင်ရောက်မှုကို မခုခံရန် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဝင်များကို ညွှန်ကြားလိုက်ခြင်းအပေါ် လက်ခံနိုင်ဖွယ်စရာမရှိကြောင်း နှင့် အဆိုပါ လုပ်ရပ်မျိုးသည် မလုပ်သင့်ကြောင်းလည်း ပြောဆို ဝေဖန်မှုများရှိသည်။
၎င်းညွှန်ကြားချက်ထွက်ပေါ်လာခြင်းကြောင့် လက်ရှိတွင် KNU တပ်မဟာ (၆)၊ ဒူးပလာယာ ခရိုင်အတွင်း ယနေ့တွင် ထိတွေ့ ပစ်ခတ်မှုမျိုး မကြားရသေးသော်လည်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များသည် KNU ၏ ထိန်းချုပ်နယ်မြေ ကျေးရွာအချို့တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူမှုများရှိသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းသည် KNU နှင့် ယခင် အစိုးရများအကြား ငြိမ်းချမ်းရေးဆွေးနွေး မှုများတွင်လည်း ပါဝင်လာခဲ့သူဖြစ်ပြီး အပစ်ရပ် လက်မှတ်ရေးထိုးသည့်နောက်ပိုင်း စစ်တပ် ထိပ်ပိုင်းခေါင်း ဆောင်အချို့နှင့် ဆက်ဆံရေး နီးစပ်သူတစ်ဦးဟု ကရင်အသိုင်းအဝိုင်းအကြား ရှုမြင်ခြင်းခံရသူ ဖြစ်သည်။
အလားတူ ပြီးခဲ့သည် မေလ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး၏ ပုဂ္ဂိုလ်ရေး သဘောထားဖြစ်သည့် လတ်တလော နိုင်ငံရေး ပြဿနာကို အပစ်ရပ်စာချုပ် (NCA) မူအတိုင်း ကျင့်သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောထားတိုက်တွန်းချက်အပေါ် ထောက်ခံကြောင်း ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက မေလ ၁၃ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သေးသည်။



















