ဇူလိုင်လ ၁၅ရက်၊ ၂၀၂၁ခုနှစ် ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသောကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအ လုပ်သမားများနှင့် ဒုက္ခသည်များအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် မယ်တော်ဆေးခန်းကို ဇူလိုင် လ ၁၆ရက်နေ့မှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဆေးခန်း၏ အွန်လိုင်းစာမျက်နှာတွင် အသိပေး ကြေညာ ထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါထိန်းချုပ်ကာကွယ်ရေး အစီအစဉ်အရ ဆေးခန်းကို ယာ ယီပိတ်ထားမည်ဖြစ်ပြီး ဇူလိုင်လ ၁၆ရက်နေ့မှ ဇူလိုင်လ ၂ဝရက်နေ့အထိ ငါးရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် မယ်တော်ဆေးခန်းဝင်းအတွင်းရှိ နေထိုင်သူအချို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူရှိသောကြောင့် ထပ်မံ မပြန့် ပွားစေရန် ဆေးခန်းဝင်းအတွင်းရှိ နေထိုင်သူအားလုံးကို ရောဂါပိုးရှိမရှိ Test Kit စစ်ဆေးရန်ရှိသည့်အတွက် ဆေးခန်း ကို ယာယီပိတ်ထားလိုက်မည်ဖြစ်ကြောင်း မယ်တော်ဆေးခန်းရှိ ပြောခွင့်ရ စောသန်းလွင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အခုဆိုရင် ဆေးခန်းအဝင်းမှာရှိတဲ့သူတွေကလည်း ကူးစက်တာရှိတယ်။ ကျနော်တို့ဝန်ထမ်းမှာ မသိလိုက်ဘဲ ထပ်ကူးစက်သူရှိရင် ဆေးလာကုတဲ့လူရှိတာနဲ့ ရောဂါပြန့်တာ လွယ်မယ်။ အဲဒါကြောင့် ကျနော်တို့က မယ်တော်ဆေး ခန်းဝင်းမှာရှိတဲ့သူအားလုံးကို Test Kit စစ်ဆေးဖို့ အချိန်ငါးရက်လောက်ယူပြီး ပိတ်ထားမယ်။ သုံးရက်အတွင်းမှာတော့ အပြီးစစ်သွားမယ်။”ဟု စောသန်းလွင်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါမယ်တော်ဆေးခန်း ယာယီပိတ်ထားသည့် ငါးရက်တာအတွင်း ဆေးကုသရန် အရေးပေါ် တစ်စုံတစ်ရာ ရှိလာပါ က မဲဆောက်ဆေးရုံကြီးသို့ သွားရောက်ကုသပေးရန်ကိုလည်း အများပြည်သူထံ အသိပေးထားသည်။
ကိုဗစ်-၁၉ တတိယလှိုင်းတွင် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ သည့်အတွက် ထိုင်းအစိုးရကျန်းမာရေးဌာနဘက်မှအပြင်သို့ ကိုဗစ်-၁၉ ကုသရေးစင်တာထား၍ ကုသပေးသည့်အပြင် မယ်တော်ဆေးခန်း၌လည်း ကိုဗစ်လူနာ ၆ဝဦးကျော် ကုသပေးရန် မဲဆောက်ဆေးရုံကြီးဘက်မှ လာရောက်ပို့ဆောင် ထားကြောင်းလည်း စောသန်းလွင်က ဖြည့်စွက်ပြောဆိုသည်။
ယင်းသို့ မယ်တော်ဆေးခန်းတွင် ကုသပေးနေရသည့် ကိုဗစ်-၁၉ ကူးစက်သူများထဲမှ သက်သာလာသည့် ၄၈ဦးကို မဲဆောက်ဆေးရုံကြီးဘက်မှ ပြန်လည်ခေါ်ဆောင်သွားလိုက်ပြီးဖြစ်ကာ ယခုအချိန်တွင် မယ်တော်ဆေးခန်းမှာ ကိုဗစ် ကူးစက်ခံရသူအယောက် ၃၀ကျော် ကျန်ရှိသေးကြောင်း ဆေးခန်းတာဝန်ရှိသူထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဇူလိုင်လ ၁၅ရက်နေ့စာရင်းအရ ထိုင်းနိုင်ငံတွင် ကိုဗစ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၃၇၂,၂၁၅ဦးရှိပြီး သေဆုံးသူ ၃,၀၃၂ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့တွင် ကိုဗစ်ကူးစက်ခံရသူ ( ၁၉၄၆) ဦးရှိပြီး သေဆုံးသူ (၁၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် မယ်တော်ဆေးခန်းကို ၁၉၈၉ခုနှစ်တွင် စတင် တည်ထောင်ဖွဲ့စည်းခဲ့ကာ ထိုင်း-မြန်မာနယ်စပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းပြည်သူ များအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရန် ရည်ရွယ်ချက်ခဲ့ခြင်းဖြစ်သည်။



















