ဇူလိုင် ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
လတ်တလော covid-19 တတိယလှိုင်းကြောင့် ကရင်ပြည်နယ်တွင် ကုန်တင်ယာဉ်များမှအပ ခရီးသည်တင်ယာဉ် များကို သွားလာခွင့်မပြုရန် ပြည်နယ် စစ်ကောင်စီက ယမန်နေ့(ဇူလိုင်လ ၁၄ ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်အတွင်း Covid-19 ရောဂါပိုမိုပြန့်ပွားလာသည့်အတွက် အဝေးပြေးယာဉ်လိုင်း၊ ဂိတ်၊ ယာဉ်ရပ်နား စခန်းများရှိ ယာဉ်များကို ကုန်တင်ယာဉ်များမှအပ ခရီးသည်တင်ယာဉ်များကို ဝင်၊ ထွက်သွားလာခွင့်မပြုကြောင်း ကို ဖားအံမြို့နယ်ရှိ အမည်မဖော်လိုသည့် ဖားအံမြတ်ရတနာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြော သည်။
၎င်းက ” မနေ့ကစာထုတ်တယ်။ ဒီနေ့အကုန်လုံးရပ်လိုက်ပြီးနော်။ ကုန်ပစ္စည်းကလွဲပြီး လူတင်ခွင့် မရှိတော့ဘူး။ အခုကကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်ရတာပေါ့နော်။ တခြားဂိတ်တွေမှာလည်း ကိုဗစ်စစ်ဆေးတာတွေ ရှိ တယ်။ ဘယ်တော့လူတင်ခွင့်ရမလဲမသိဘူး။ သူတို့ထုတ်ပြန်မှပဲ သိရတော့မယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းတွင်လည်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ယခုကဲ့သို့ပင် ခရီးသည်တင်ယာဉ်လိုင်းများကို ညွှန်ကြားထားသလို ခရီးသည်တင်ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုထားသည်မှာ နှစ်လကျော်၊ သုံးလခန့်သာရှိသေးသည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝင်ရောက်သွားလာသည့် ခရီးသည်တင်ယာဉ်များကိုလည်း ကရင်ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မရှိစေရေးအတွက် စစ်ဆေးကြပ်မတ်လုပ်ဆောင်သွားရန်နှင့် ယခု ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
လက်ရှိကရင်ပြည်နယ်အတွင်းရှိ အဝေးပြေးယာဉ်လိုင်း၊ ဂိတ်၊ ယာဉ်ရပ်နား စခန်းများရှိ ယာဉ်များမှာ ကုန်ပစ္စည်း များ တင်ဆောင်ခြင်းကိုသာ လက်ခံပြီး ခရီးသည်တင်ဆောင်ခြင်းကို ယနေ့(ဇူလိုင် ၁၅) ရက်နေ့မှစ၍ ရပ်နား လိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။



















