Home သတင်း KNU တပ်မဟာ (၁) နှင့် စစ်‌ကောင်စီတပ်ကြား တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

KNU တပ်မဟာ (၁) နှင့် စစ်‌ကောင်စီတပ်ကြား တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

2081
Photo: CJ

ဧပြီ ၂၃ ရက်၊ ၂၁၂၁ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယ‌နေ့ (ဧပြီလ ၂၃ ရက်)တစ်ရက်အတွင်း ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယ‌နေ့ နံနက်က သထုံ-ရန်ကုန်လမ်းမကြီး‌ဘေးတွင် ပြုလုပ်သည့် ပြည်သူလူထုများ အမျိုး သားညီညွတ်‌ရေးအစိုးရအဖွဲ့ (NUG) ‌ထောက်ခံပွဲ‌နေရာသို့ စစ်‌ကောင်စီတပ်များတက်လာစဉ် KNU တပ်မဟာ(၁) လက်‌အောက်ခံတပ်ဖွဲ့နှင့် ထိပ်တိုက်‌တွေ့ဆုံကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ယင်းပစ်ခတ်မှုဖြစ်သည့်‌နေရာသို့ ပိန္နဲ‌တောတပ်စခန်းမှ စစ်ကူများတက်လာစဉ် ‌ဆောဘိလမ်း ‌ကော့လှိုင်းရွာအနီး၌ ‌နေ့လည် ၁ နာရီခန့်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့သည်ဟု KNU သထုံခရိုင် (တပ်မဟာ-၁) အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ‌ပြောသည်။

၎င်းက “ဆန္ဒပြတဲ့ပြည်သူ‌တွေကို သူတို့ဖြိုခွင်းဖို့တက်လာ‌တော့ ကျ‌နော်တို့အဖွဲ့နဲ့ထိပ်တိုက်တိုးတယ်။ ‌နောက် ‌တော့ သူတို့စစ်အကူ‌တွေ တက်လာတဲ့လမ်းမှာ အဲဒီမှာလည်း ပစ်ခတ်တာ‌တွေရှိတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: CJ

ထိုထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်‌ကောင်စီတပ်ဘက်မှ ၄ ဦးထက်မနည်း ထိခိုက်‌သေဆုံးမှုရှိသည်ဟု သတင်းများ ထွက်‌ပေါ်‌နေ‌သော်လည်း နှစ်ဘက်ထိခိုက်‌သေဆုံးမှုအ‌ခြေအ‌နေကို မသိရှိရ‌သေး‌ကြောင်း KNU တပ်မဟာ(၁) ဘက်က ‌ပြောဆိုသည်။

အဆိုပါ ထိပ်တိုက်ပစ်ခတ်မှုများ မဖြစ်ပွားခင် နံနက်အ‌စောပိုင်းကလည်း စစ်‌ကောင်စီ အ‌မြောက်တပ် (၃၁၄)မှ လူထုများ‌နေထိုင်သည့် ‌ရွှေ‌ရောင်ပြ၊ မရမ်းကုန်းနှင့်နီးသည့် ရွာများတွင် လက်နက်ကြီးဖြင့် ၁ဝ လုံး ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် မရမ်းကုန်းရွာသူတစ်ဦး ဒဏ်ရာရရှိသွားသည်ဟုလည်း ပဒို‌စောစိုးမြင့်က ‌ပြောသည်။

KNU သထုံခရိုင် (တပ်မဟာ ၁) နယ်‌မြေအတွင်း အ‌ခြေချလှုပ်ရှားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု မကြာခဏလုပ်‌ဆောင်လျက်ရှိသည်အတွက် ‌ဒေသခံပြည်သူများမှာ စိုးရိမ်ပြီး သတိဖြင့် ‌နေထိုင်‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။