မတ်လ ၆ ရက်၊၂၀၂ဝခုနှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အေးသုခရွာအနီး တည်ဆောက်လျက်ရှိသော စိမ်းလဲ့မြိုင် အဝေးပြေးယာဉ်နား စခန်းကို လာမည့် အောက်တိုဘာလ အတွင်း ၇၅ ရာခိုင်နှုန်း ပြီးစီးရန် လျာထားကြောင်း သိရသည်။
ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်းက အဆိုပါ ယာဉ်ရပ်နားစခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေ နှင့်ကော်မတီဝင်များ သွားရောက် ကြည့်ရှု စစ်ဆေးစဉ် စိမ်းလဲ့မြိုင်ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးတာဝန်ခံ (M.E.I.G) ဆောက်လုပ် ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်နိုင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိမ်းလဲ့မြိုင် အဝေးပြေးယာဉ်ရပ်နားစခန်းကို လျာထားငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော် အကုန် ကျခံတည်ဆောက်မည်ဖြစ်ပြီး ယာဉ်ရပ်နား စခန်းမြေနေရာအား ၂၀၁၈ ခုနှစ် စက်တင်ဘာ လတွင် မြေရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကာ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ တွင် ကရင်ပြည် နယ်ဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ဝင်များ၊ မြဝတီခရိုင်မှ တာဝန်ရှိသူများက ပန္နက်ချမဂင်္လာပြုလုပ်ကာ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်းပိုင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြဝတီမြို့သည် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြန်မာပြည်အနယ် နယ်အရပ်ရပ်မှ ခရီးသည်တင်ယာဉ်များဆိုက်ရောက်သည့် မြို့ဖြစ်သော်လည်း သီးသန့်အဝေးပြေး ယာဉ်ရပ်နားစခန်းများ မရှိသည့်အတွက် ယာဉ်လိုင်းများမှာ မြို့တွင်းလမ်းမကြီးပေါ်တွင် ဂိတ်ဖွင့် နေကြရ၍ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

“ယခုလို သီးသန့်အဝေးပြေးယာဉ်ရပ်နားစခန်း ဖြစ်ပေါ်လာရင် မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျလာပြီး အများပြည်သူ သွားရေးလာရေး ပိုမိုလွယ်ကူလာမယ်။ မြို့တွင်းမှာ ရှုပ်ထွေးမှုမရှိဘဲ မြို့ရဲ့အဂင်္ါရပ်နှင့်အညီ ပိုမိုသန့်ရှင်းသပ်ရပ်လာမယ်” ဟု မြဝတီမြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေ က ပြောသည်။
အဆိုပါယာဉ်ရပ်နားစခန်း၏ ဧရိယာအကျယ်အဝန်းမှာ ၉ ဧကရှိကြောင်း သိရပြီး ယာဉ်ရပ်နားစခန်းတွင် မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေx ၄ဝ ပေ ၂ ထပ်ဆောင် ကားဂိတ် ၅၃ ခု နှင့် ယာဉ်ငယ်များ အတွက် ၁၅ ပေx ၃ဝ ပေ ၂ ထပ်ဆောင် ၅ဝ ခု ကိုလည်းတည်ဆောက်သွားမည်ဟု သိရသည်။
လက်ရှိမြဝတီမြို့တွင်း၌ ခရီးသွားပြည်သူများ ပို့ဆောင်ပေးနေသော Express ကားကြီးဂိတ် ၂ဝ ကျော် နှင့် ယာဉ်ငယ်ဂိတ် ၇ဝ ကျော်တို့က မြန်မာနိုင်ငံအနှံ ့ ပြေးဆွဲနေပြီး တရားဝင်အဝေးပြေးယာဉ် ရပ်နား စခန်းမရှိသည့်အတွက် လမ်းမကြီးနှင့် ကြားလမ်းများတွင် ကားဂိတ်ဖွင့်ကာ ပြေးဆွဲနေရ၍ မြို့တွင်း၌ ယာဉ်ကြောကြပ်တည်းမှုများ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။



















