မတ်လ ၅ရက်၊ ၂၀၂ဝခုနှစ်။ စအိုင်ဆူး
ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်-BGF ၏ တစ်ရက်တာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရန်ကုန်အခြေစိုက် သတင်းထောက်နှစ်ဦးမှာ ယနေ့ မတ်လ ၅ရက်၊ ညနေပိုင်းအချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့အား ဖမ်းဆီးခဲ့သူများကို အရေးယူသွားမည်ဖြစ်ကြောင်း BGF အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးနိုင်မောင်ဇော်က အတည်ပြု ပြောဆိုသည်။
BGF စည်းကမ်းထိန်းသိမ်းရေးရုံး တာဝန်ခံ ဗိုလ်မှူးနိုင်မောင်ဇော်က “ဒီကလေး(သတင်းထောက်)တွေနဲ့ ပတ်သက်ပြီး တော့ ဖြစ်သွားတဲ့အပေါ်မှာ ကျနော်တို့ ပတ်သက်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို တကယ်လို့ ဖော် ထုတ်မယ်။ ကျနော်တို့ အခုလည်း ဖော်ထုတ်ပြီးပြီ။ ကျနော်တို့လည်း ထိန်းသိမ်းထားတယ်။ ထိထိရောက်ရောက် အရေးယူဖို့ အထက်က လူကြီးတွေက ဆက်ပြီး စီစဉ်ဆောင်ရွက်ပါတယ်။”ဟု ပြောသည်။
အဆိုပါသတင်းထောက်နှစ်ဦးမှာ Frontier Myanmar မဂ္ဂဇင်းဌာန၏ သတင်းထောက် နော်ဘက်တီဟန်နှင့် မြန်မာ တိုင်းမ်သတင်းဌာန၏ ဓါတ်ပုံသတင်းထောက် မားနော်တို့ဖြစ်ကြပြီး မတ်လ ၄ရက် ယမန်နေ့ညနေအချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၁)နယ်စပ်ဂိတ်ရှိ BGF တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြပြီးမှ ပြန်လည်လွတ်မြောက်လာ ခြင်းဖြစ်ကြောင်း Frontier Myanmar ၏ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက ယခုလို ပြောသည်။
၎င်းက “သူတို့နဲ့ ဖုန်းခနလေးပဲ ပြောရတယ်။ မြဝတီမှာ အခု မီဒီယာတွေနဲ့ တွေ့နေတယ်။ ဘာလဲဆိုတာကိုတော့ သူ (နော်ဘက်တီဟန်)နဲ့ သေချာကို မပြောရသေးဘူး။ အခုလွတ်ပြီး။ နေကောင်းတယ်ဆိုတဲ့အကြောင်းပဲ သိရသေး တယ်။”ဟု ယနေ့ညနေက ကေအိုင်စီသို့ ပြောသည်။
Frontier Myanmar ၏ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့က ၎င်းတို့၏ သတင်းထောက် နော်ဘက်တီဟန်သည် မြဝတီမြို့သို့ သတင်းရယူရန် ရောက်ရှိနေချိန် မွန်းလွဲပိုင်းမှစ၍ BGF တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရ ပြီးနောက် ယနေ့(မတ် ၅ရက်) မွန်းလွဲပိုင်းအထိ အလုပ်ဌာန၊ မိသားစုနှင့် အဆက်အသွယ်မရရှိတော့သည့်အတွက် ၎င်းဖြစ်စဉ်အပေါ် ပြည်နယ်အစိုးရ အပါအဝင် တာဝန်ရှိသူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြန်လည်လွတ်မြောက်လာသူ သတင်းထောက် နော်ဘက်တီဟန်က “မနေ့ညနေ ၄ခွဲလောက်ပေါ့နော်။ တံတားဘက် ရဲ့ ဘယ်ဖက်လျှောက်လမ်းအတိုင်း လျှောက်လို့ရတယ်ဆိုပြီး တောက်လျှောက် လျှောက်တာ။ လျှောက်ရင်းနဲ့ ဓါတ်ပုံ တွေရိုက်တယ်ပေါ့နော်။ အဲ့မှာမြေတူးစက်နဲ့ တူးပြီး ဆောက်တာတွေ့တယ်။ အဲ့နားက လူတွေကိုမေးတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကာစီနိုတွေ အသစ်ဆောက်တာ။ ဒါပေမဲ့ အဲ့ဘက်ကို ဝင်လို့မရဘူးပေါ့နော်။ ဒါပေမဲ့ အနားထိတော့ သွားလို့ရတယ်။ သူတို့ချိတ်ထားတဲ့ နားကို ဝင်လို့မရဘူးဆိုတော့ ညီမတို့ မဝင်ဘူး။ သူတို့နားကနေပြီးတော့ပဲ ပြန်ပြီး လှည့်တာ။ အဲ့လှည့်တဲ့အချိန်မှာ အဲ့ကာဆီနိုမှာထိုင်နေတဲ့ အစောင့် ဆိုတဲ့လူက ခေါ်တယ်။ သူက တာဝန်ခံလို့ လည်းပြောတယ်။ ခေါ်ပြီး နင်တို့ကို ဒီအတိုင်းပေးသွားလို့ မရဘူးပေါ့။”ဟု မီဒီယာများအား ပြန်လည် ရှင်းပြခဲ့သည်။
ထို့အပြင် ၎င်းတို့နှစ်ဦးကို တာဝန်ခံဆိုသူက ဓါတ်ပုံဖျက်ခိုင်းပြီး ပေးမပြန်ဘဲ အထက်လူကြီးနှင့် တွေ့ရမည်ဆိုကာ တရုတ်စာလုံး လက်ပတ်ပါ ယူနီဖောင်းအနက်ဝတ်နှစ်ဦးက သူမတို့အား မျက်နှာအုပ်ကာ ကားနှင့်ခေါ်ဆောင်ပြီး နောက် တစ်နေရာအရောက်တွင် အမျိုးသားသတင်းထောက်ဖြစ်သူအား ထိုင်ခိုင်းကာ နှိပ်စက်ကန်ကျောက်ခဲ့သည့် အပြင် သူမကိုလည်း တစ်ချက်ရိုက်ပြီး လက်ထိပ်ခတ်ကာ အချုပ်ခန်း၌ ထည့်ထားခဲ့ကြောင်း နော်ဘက်တီဟန်က ဆက်ပြောသည်။
၎င်းနှင့်အတူ အဖမ်းခံခဲ့ရသည့် ဓါတ်ပုံသတင်းထောက် မားနော်သည် ၎င်းဌာန၏ တာဝန်ပေးချက်အရ သွားရောက် သတင်းဓါတ်ပုံရယူခြင်းမဟုတ်ဘဲ ၎င်း၏ပိတ်ရက်တွင် နော်ဘက်တီဟန်နှင့်အတူ လိုက်ပါသွားခြင်းဖြစ်ကြောင်း နက ကေအိုင်စီ၏ မေးမြန်းချက်ကို မြန်မာတိုင်းမ်သတင်းဌာနက တုန့်ပြန်ပြောဆိုသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ Frontier Myanmar တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC) ထံ အသိပေးတိုင်ကြားစာကို ယနေ့ ပေးပို့ထားခဲ့ကြောင်းလည်း MPC အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုခဲ့သလို ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံတောင်ပိုင်းဂျာနယ်လစ်ကွန်ရက်(SMJN)အပြင် မြဝတီနယ်ခံသတင်းထောက်များက လည်း အဆိုပါသတင်းသမားနှစ်ဦး၏ လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြသည်။



















