ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်အတူ ကရင်တစ်မျိုးသားလုံးအတွက် အသက်ပေးခဲ့သော ဗိုလ်ချုပ်စိုင်းကေ မွေးရပ်မြေဖြစ်သည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ ကရင်ဝင်းစိန်ရွာတွင် ကရင်အမျိုးသားနေ့ကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်(ယနေ့)၌ ကျင်းပပြီးစီးခဲ့သည်။
ယခုနှစ်ကျရောက်သော ၇၁ နှစ်ပြည့် ကရင်အမျိုးသားနေ့ကို မွန်ပြည်နယ်၌ သထုံခရိုင်နှင့်မော်လမြိုင်ခရိုင်ဟူ၍ ခရိုင် ၂ ခု ခွဲပြုလုပ်ရာတွင် မော်လမြိုင်ခရိုင် အနေဖြင့် ဗိုလ်ချုပ်စိုင်းကေမွေးရပ်မြေတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင် စောသောကြာက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ဗိုလ်ချုပ်စိုင်းကေရဲ့ နေရာလည်းဖြစ်တယ်။ မွန်ပြည်နယ်မှာ အမျိုးသားနေ့ပြုလုပ်တာက ခုမှ ၂ နှစ်ပဲရှိသေး တော့ ဒီ(ချောင်းဆုံမြို့နယ်)က လူတွေလည်း သိပ်မသိသေးဘူး။ ကရင်အမျိုးသားနေ့ဟာ ကမ္ဘာ့သမိုင်း၊ မြန်မာ့ သမိုင်းမှာလည်း မသင်ခဲ့ရတော့ သမိုင်းကို မြှင့်တင်၊ ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။↔ဟုပြောသည်။
မွန်ပြည်နယ်၊ ကရင်လူငယ်ကွန်ယက်(KYN) မှ ဦးဆောင်ကျင်းပသည့် ယနေ့ အခမ်းအနားသို့ KNU-ကရင်အမျိုးသား အစည်းအရုံးမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ်မှ ဒေသခံများအပါအဝင် ဘီးလင်း၊ ပေါင်၊ ကျိုက်မရော၊ ရေးစသည့်မြို့နယ်များ၊ ကရင်ပြည်နယ်မှ ဖိတ်ကြားထားသော တေးသံရှင်များ စုစုပေါင်း ၁၅ဝ ဦးကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် KNU-ဗဟိုကော်မတီဝင် ပဒိုစောပိုပိုထူးအောင်နှင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေအပါအဝင် တာဝန်ရှိသူများမှ မိန့်ခွန်းများ၊ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းများ ဟော ပြောခဲ့ကြသည်။
တာဝန်အရ ဗိုလ်ချုပ်စိုင်းကေသည် စောဘဦးကြီး အပါအဝင် တပ်စိပ်တစ်စိပ်ဖြင့် ကော့ကရိတ် မြို့နယ်ဘက်သို့ ဆင်းသွားခဲ့ရာ နဘူးမြို့နယ်၊ ထို့ကော်ကိုးကျေးရွာ အရောက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသော ကြောင့် ရွာအပြင်ဘက်လယ်တဲတွင် စခန်းချနေစဉ် မသမာသူတစ်ဦး၏သတင်းပေးပို့မှုကြောင့် မြန်မာအစိုးရ တပ်ဘက်မှ စီးနင်းပစ်ခတ်ခဲ့ကြသဖြင့် စောဘဦးကြီးနှင့်အတူ ဗိုလ်ချုပ် စိုင်းကေတို့အဖွဲ့မှာ ကျဆုံးခဲ့ရခြင်းဖြစ် သည်။
ချောင်းဆုံမြို့နယ်( ဘီလူးကျွန်း)သည် ဗိုလ်ချုပ်စိုင်းကေ အပြင် ကွယ်လွန်သွားပြီဖြစ်သော ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ၏ ပထမဆုံး စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ် မင်းမောင်၏ မွေးဖွားရာ ဇာတိမြေလည်း ဖြစ်သည်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄ သိန်းကျော်က “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည် တွင်းစစ် အလိုမရှိ” စသည့် တောင်းဆိုချက်ပိုစတာများ ကိုင်ဆောင်ကာ ကရင်ပြည်ပေးရေး ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထိုနေ့ကို အစွဲပြုပြီး ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ ခုနှစ်၊ ဖာပွန်မြို့၌ ကျင်းပခဲ့သော ကော်သူး လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ထောက်ခံ အ တည်ပြုခဲ့ကြသည်။