ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ခြင်းအပေါ် သပိတ်စခန်းဖွင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကရင်နီ လူငယ်များအပေါ် ဖမ်းဆီးတရားစွဲဆိုမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စွဲဆိုထားသည့် အမှုများကို ပြန်လည် ရုတ်သိမ်းရန် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ အစိုးရကို တိုက်တွန်းသည့် သဘောထားထုတ်ပြန်ချက် တစ်စောင်ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) ထုတ်ပြန်လိုက်သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် ကရင်နီပြည်လူငယ်အင်အားစု၏ သပိတ်စခန်းကို အင် အားသုံး ဖြိုခွင်းပြီး သပိတ်မှောက် လူငယ်အင်အားစု (၅၅)ဦးအပေါ် ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်ခဲ့သည့် လုပ်ရပ်သည် ဒီမိုကရေစီအစိုးရ၏ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသော လမ်းစဉ်နှင့် သွေဖည်နေခြင်းဖြစ်သည်ဟု BWU၏ ပြောခွင့်ရ မတင်တင်ညိုက ယခုလိုပြောသည်။
၎င်းက “အထူးသဖြင့်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုကို ဦးတည်တဲ့ ဘယ်လိုအကြမ်းဖက် ဖြိုခွင်းမှုမျိုးကိုမှ လက်ရှိအစိုးရအနေနဲ့ မလုပ်ဖို့ အဲ့ဒါကို ကျမတို့အနေနဲ့ အထူးတိုက်တွန်းလိုတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် မြန်မာပြည်ကဲ့သို့ ဒီမိုကရက်တစ်နိုင်ငံတစ်ခု တည်ထောင်သည့်အချိန်တွင် ကရင်နီပြည်တွင် ရှိနေသည့် လူငယ်များ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းအပေါ် အတင်းအဓမ္မဖမ်းဆီး၊ ဖြိုခွင်း၊ အရေးယူမှုမျိုးများကို လုံးဝမလုပ်သင့်ကြောင်း၊ ဒီမိုကရေစီ၏ စံတန်ဖိုးတစ်ခုဖြစ်သည့် ဌာနေ တိုင်းရင်း သားများ၏ လွတ်လပ်ခွင့်နှင့် အသံများကို အစိုးရအနေဖြင့် နားထောင်ပေးရန်လိုကြောင်းလည်း မတင်တင်ညိုက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်-NLD ရုံးချုပ်ရှေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ဖျက်သိမ်းရေး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေသည့် ကရင်နီပြည် လူငယ်များကို ဒေသခံ အာဏာပိုင်များနှင့် ရဲများက သပိတ်စခန်း ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ဦးဆောင်ဆန္ဒပြသူများနှင့် သပိတ်စခန်းတွင် ပါဝင်ခဲ့သည့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်စာဖြန့်ဝေသည့် လူငယ်များကို ရာဇသတ်ကြီးပုဒ်မ (၅၀၅) (ခ) (ဂ)အရ သော်လည်းကောင်း၊ သပိတ်မှောက်ဆန္ဒထုတ်ဖော်သူလူငယ်များကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့် လည်ခွင့် ပုဒ် (၁၉)အရ သော်လည်းကောင်း ဒေသခံအာဏာပိုင်မှ ဖမ်းဆီးတရားစွဲဆိုထားပြီး ယနေ့လွိုင် ကော်မြို့ရှိ ခရိုင်တရားရုံးတွင် တရားရေးရင်ဆိုင်ခဲ့ကြရသည်ဟု ကရင်နီပြည်လူငယ်အင်အားစုက ထုတ်ပြန် ထားသည်။
အဆိုပါ ကရင်နီပြည်ရှိ လူငယ်များ၏ ကန့်ကွက် ဆန္ဒဖော်ထုတ်များသည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် မလေးစား ၊ အသိအမှတ်မပြုခြင်းမျိုးမဟုတ်ဘဲ အစိုးရ၏ လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဆွေးနွေး ညှိနှိုင်းရန် အခြေအနေတစ်ရပ် ဖန်တီးပေးမှုမရှိခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းအပေါ် အစိုးရအနေဖြင့် လူငယ်များ၏ အသံများကိုနားထောင်၍ ငြိမ်းချမ်းစွာဖြေရှင်းပေးသင့်ကြောင်း BWUက ဆိုသည်။
အလားတူ ကရင်နီပြည်လူငယ်များ၏ သပိတ်စခန်းဖွင့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုအပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုများနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP အပါအဝင် တခြားသော တိုင်းရင်း သား မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း အသီးသီး သဘောထား ထုတ်ပြန်ကာ ဝေဖန်တောင်းဆိုမှုများပြုခဲ့ကြသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအား ထားရှိရန် ကယားပြည်နယ်အစိုးရမှ ပြီးခဲ့သည့်နှစ်မှစ၍ စတင်စီစဉ်ခဲ့ကာ ၎င်းအစီအစဉ်အပေါ် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ တို်င်းရင်းသား လူငယ်အင်အားစုများမှ လက်ကမ်း စာဆောင်ဖြန့်ဝေကန့်ကွက်ခြင်း၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်ကန့်ကွက်ခြင်းများကို ယမန်နှစ် ဇွန်နှင့်ဇူလိုင်လများက စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့၊ ဂန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။