ဇူလိုင် ၃၁ ရက် ၊ ၂ဝ၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇူလိုင် ၂၆ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေနှင့် မြစ်ရေလျှံထွက်လာမှုကြောင့် လယ်မြေ ဧက ၁,ဝဝဝ ကျော် ရေနစ်မြှုပ်သွားသည်ဟု မြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးဝေလင်းညွန့်က ကေအိုင်စီသို့ ပြောသည်။
သူက “ ဒီနေ့ထိ ၁,ဝ၈၂ ဧက ရေမြှုပ်တာပေါ့နော်။ ရေပြန်ကျတဲ့အချိန်မှာ ထိခိုက်ပျက်စီးမှုတွေကို စိုက်ချိန်မီ အောင် ရေနိုင်တဲ့ သက်တမ်းတိုတဲ့မျိုးတွေ ပြန်ပြီးဆောင်ရွက်ပေးသွားမယ်” ဟု ဇူလိုင် ၃၁ ရက်တွင် ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် စပါးစိုက်ခင်းများအပေါ် နောက်ဆက်တွဲ အဓိက ကျရောက်နိုင်သည့် ပိုးမွှားများအန္တာရာယ်ကို သတိပြု ရန်အသိပေး နှိုးဆော်သွားမည်ဖြစ်သလို တောင်သူများ တတ်နိုင်မည့်မြေဩဇာနှင့် အချိန်မီပြန်လည် စိုက်ပျိုး နိုင်အောင် စိစစ် ကူညီဆောင်ရွက် ပေးသွားမည်ဟု ဦးစီးမှူး ဦးဝေလင်းညွန့်က ဆက်ပြောသည်။
ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ဇူလိုင် ၂၆ ရက်နေ့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွင်းကြီးချောင်း၊ ကြိတ်ချောင်း၊ ဟောင်သရောမြစ်၊ ဇမိမြစ်၊ ဝင်းရော်မြစ်ရေများ လျှံထွက်လာပြီး လူနေအိမ်များနှင့် လယ်ယာ စိုက်ခင်းများ ရေနစ်မြှုပ်မှုရှိပြီး ကျေးရွာအချို့ ယနေ့ထိ သွားလာမှုအခက်အခဲဖြစ်နေသေးဟု ဒေသခံများက ပြော သည်။
ထွီမံထိုရွာ အုပ်ချုပ်ရေးမှူး မန်းသာယော်က “ ရေကြီးလာတာ ၃ ရက်လောက်ရှိပြီး တစ်ရွာလုံး စပါးစိုက်ခင်းတွေ ရေမြှုပ်သွားတယ်။ စိုက်ပျိုးထားတာမကြာသေးဘူး။ ပြန်ရှင်ဖို့တော့ နည်းမယ်။ သူတို့ ပြန်စိုက် ရမယ်ဆိုရင် မြေ ဩဇာ၊ မျိုးတွေ အခက်အခဲတော့ရှိမယ်။ ကူညီမှုပေးရင်တော့ ပိုအဆင်ပြေမယ်” ဟု ဇူလိုင် ၂၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စုစုပေါင်း လယ်စိုက် ဧက ၅၉,၆၅၅ ရှိပြီး ယခုနှစ် ရေကြီးရေလျှံမှု ဖြစ်သည့် အ တွက် ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူလမ်း၊ ခလယ်တံခွန်တိုင် အနန်းကွင်း ဘုရားသုံးဆူ လမ်းမကြီး ပေါ်ရှိ နေ ရာအချို့ နေရာရေကျော်မှုကြောင့် သွားလာရေးခက်ခဲမှုဖြစ်ခဲ့နေကြောင်း ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီးတွင် ယခင် ၂ဝ၁၃ ခုနှစ် ရေကြီးမှုဖြစ်ခဲ့သည့်အတွက် ဒေသအတွင်း စပါးစိုက်ဧက ထောင်ချီ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ဖူးကြောင်း ဒေသခံများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများထံမှ သိရသည်။



















