Home ဆောင်းပါး “တရားဥပ‌ဒေစိုးမိုး‌ရေး”ကို ဝိုင်းပတ်ခြိမ်း‌ခြောက်‌နေတဲ့ ပြစ်မှုမျိုးစုံ

“တရားဥပ‌ဒေစိုးမိုး‌ရေး”ကို ဝိုင်းပတ်ခြိမ်း‌ခြောက်‌နေတဲ့ ပြစ်မှုမျိုးစုံ

1936

(‌မောင်‌ကျော်စွာ)

( ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်)

နိုင်ငံ‌ရေးလုပ်ကြံသတ်ဖြတ်မှု အပါအဝင် ပြစ်မှုမျိုးစုံဖြစ်ပွားလာမှုက ကုန်‌ဈေးနှုန်းကြီးမြင့်မှုနဲ့အပြိုင် တ‌နေ့တခြား တိုးတက်များ ပြား ဖြစ်ပွားလာ‌နေပါတယ်။ “တရားဥပ‌ဒေစိုးမိုး‌ရေး”‌ပြောတာများ‌လေ‌လေ၊ ပြစ်မှုမျိုးစုံ ‌ပေါ်‌ပေါက်ဖြစ်ပွားမှုနှုန်းကလည်း မြင့်မား၊ များပြား‌လေ‌လေများ ဖြစ်‌နေ‌ရော့သလားလို့လည်း ‌တွေးမိပါတယ်။ “တရားဥပ‌ဒေစိုးမိုး‌ရေး” ပါးစပ်က‌နေ ‌ပြောလွန်းလှတဲ့ ဒီချုပ်ပါ တီအစိုးရကို ပြစ်မှုမျိုးစုံ ဖန်တီးပြီး မထီမဲ့မြင်ပြုကာ ‌လှောင်‌ပြောင်‌နေကြတာများလား။

မူးယစ်‌ဆေးဝါး ဖမ်းဆီးရရှိမှုကလည်း ဘယ်‌ခေတ်ဘယ်အခါနဲ့မျှ မတူ‌အောင်ဘဲ မကြုံဖူး၊ မကြားဖူးတဲ့ အ‌ရေအတွက်ပမာဏနဲ့ ဖမ်းဆီးရမိတာပါ။ ထူးခြားတာက ဖမ်းမိသမျှက မူးယစ်‌ဆေးဝါးမှန်သမျှဟာ “ပိုင်ရှင်မဲ့” ဖြစ်‌နေတဲ့ကိစ္စပါပဲ။

‌ပေါ်‌ပေါက်‌နေတဲ့ နိုင်ငံ‌ရေးလုပ်ကြံသတ်ဖြတ်မှု အပါအဝင် လူသတ်မှုကြီး‌တွေမှာလည်း လက်သည်တရားခံအစစ် ဘယ်သူလဲ ဆိုတာကို တိတိကျကျ အချိန်မီ ‌ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိပါဘူး။ မ‌ဖော်ထုတ်နိုင်တာရဲ့‌နောက်ကွယ်မှာ အ‌ကြောင်းအချက် ‌တွေရှိပါလိမ့်မယ်။ ဒါ‌ပေမယ့် အမှုလိုက်‌တွေ၊ စုံစမ်း‌ဖော်ထုတ်သူ‌တွေအ‌နေနဲ့ တရားခံ‌တွေ၊ တရားခံ‌ပြေး‌တွေဘက်က‌နေ ခုခံကာ ကွယ်‌နေတဲ့၊ ဖာ‌ထေး‌လျှောက်လဲ‌နေတဲ့ ရှင်းလင်းမှုမျိုး‌တွေကို‌တော့ ဘယ်လိုနည်းနဲ့မျှ မပြုလုပ်သင့်ပါဘူး။ တရားဥပ‌ဒေစိုးမိုး‌ရေး ရဲ့ ဘက်‌တော်သား‌တွေဖြစ်တဲ့ အ‌ဆောက်အအုံ‌တွေဖြစ်တဲ့ ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စတာ‌တွေဟာ ပြစ်မှု ကျူးလွန်သူ‌တွေဘက်က ရည်တည်ကာကွယ်ဖို့ ဖွဲ့စည်းထားတာမှ မဟုတ်တာ။

ဒီထက်ပိုပြီး ထူးခြားတာလို့ ဆိုရမလား။ အလုံးစုံ ပွင့်ကျတယ်လို့ ‌ပြောရမလား၊ မြတ်ဗုဒ္ဓရဲ့ သိမ်‌မွေ့တဲ့ တရားအဆုံးအမ‌တွေကို ခံယူကျင့်ကြံ ပွားများအားထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဝါ‌ရောင်သကင်္န်းကို ဆင်မြန်းထားသူ‌တွေရဲ့ ပါးစပ်က‌နေ တရားနဲ့ ခြုံ ထားတဲ့ သကင်္န်းကိုမျှ မ‌ထောက်ထားနိုင်ဘဲ သာမန်လူဝတ်‌ကြောင်‌တွေ‌တောင် မ‌ပြောဝံ့မဆိုဝံ့တဲ့ စကား‌တွေ၊ အသုံးအနှုန်း‌တွေ ကို မြိန်ရည်ယှက်ရည် ‌ပြောဆို‌နေတဲ့အချက်ဖြစ်ပါတယ်။ ဒီလို‌ပြောဆို‌နေတာကိုလည်း တာဝန်ရှိသူ‌တွေက ‌ကျေနပ်နှစ်ခြိုက်‌နေ ‌ရော့သလား၊ နားဝင်ချို၍ ပီတိ‌တွေများဖြစ်‌နေ‌ရော့သလား မသိပါဘူး။ တားမြစ်၊ကန့်သတ်တာ၊ ထိန်းချုပ်တာ‌တွေ၊ လိုအပ်သလို သတိ‌ပေးအ‌ရေးယူတာ‌တွေကိုလည်း မ‌တွေ့ရပါဘူး။ “တိုင်ကြားသူမရှိရင် အ‌ရေးယူလို့ မရပါဘူး” ဆိုတဲ့ နလဗိန်းတုံး ဆင်‌ခြေ တစ်ခုကို ကြားရပါတယ်။ ဒီလို တာဝန်မဲ့ဆင်‌ခြေမျိုး သူရဲသမိန်‌ကျေးရွာမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းကိစ္စမှာလည်း အလားတူ ကြားခဲ့ ဖူးပါတယ်။

မတရားမှု၊ အနိုင်ကျင့်‌စော်ကားမှု‌တွေကို တားမြစ်၊ ထိန်းချုပ်၊ တရားစွဲဆိုတင်ပို့ပြီး အ‌ရေးယူဖို့ အုပ်ချုပ်သူအဆင့်ဆင့်မှာ တာဝန် မရှိဘူးလား။ ဒီလိုမျိုးကိစ္စ‌တွေမှာ လက်ပိုက်ကြည့်‌နေရမယ်လို့ အထက်က တိတ်တဆိတ် ညွန်ကြားထားများ ရှိ‌နေလို့လား။

အင်မတန် ရုပ်ပျက်ဆင်းပျက်နိုင်လှပြီး ရိုင်းစိုင်းယုတ်မာလွန်းတဲ့ သက်ငယ်/သက်ကြီးမုဒိမ်းမှုဖြစ်ပွားနှုန်းကလည်း မကြားဝံ့ မနာ သာ ဖြစ်ရပ်တစ်ခုပါပဲ။ ၂၀၁၆ခုနှစ် တနှစ်လုံးအတွင်းမှာ သက်ငယ်မုဒိမ်းမှု (၆၇၁)မှု၊ သက်ကြီးမုဒိမ်းမှု (၄၂၉)မှု၊ စုစု‌ပေါင်း (၁၁၀၀)မှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရပိုင်သတင်းစာ‌တွေမှာ ပြည်နယ်နဲ့တိုင်း‌ဒေသကြီးအလိုက် ကိန်းဂဏန်းအတိအကျနဲ့ ‌ဖော်ပြပါ ရှိပါတယ်။

ယခုနှစ် ဇန်နဝါရီလ တစ်လထဲအတွင်းမှာတင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ငယ်မုဒိမ်းမှု (၈၁)မှုနဲ့ သက်ကြီးမုဒိမ်းမှု (၄၄) မှု စုစု‌ပေါင်း (၁၂၅)မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ခုနဲ့ ‌နေပြည်‌တော် ‌ကောင်စီနယ် ‌မြေ အပါအဝင် တစ်ပြည်လုံးမှာ ရန်ကုန်တိုင်း‌ဒေသကြီးဟာ မုဒိမ်းမှုအများဆုံးဖြစ်ပွားပြီး ဒုတိယအများဆုံးမှာ ဧရာဝတီတိုင်း ‌ဒေသကြီးဖြစ်တာကို ‌တွေ့ရှိရပါတယ်။ ဒီလို ယုတ်မာရိုင်းစိုင်းလှတဲ့ ပြစ်မှုမျိုး‌တွေကို မှတ်‌လောက်သား‌လောက်‌အောင် စံနမူနာ အပြစ်‌ပေးသင့်ပါတယ်။ လူမြင်ကွင်းထုတ်ပြီး ကွပ်မျက်ပြသင့်ပါတယ်။ ဒီလိုပြစ်မှုမျိုး‌တွေ ဘယ်သူ‌တွေက ကျူးလွန်ကြသလဲဆို တာကိုကြည့်‌တော့ ဖခင်ရင်း၊ ဦး‌လေး၊ သကင်္န်းဝတ်၊ ‌ကျောင်းဆရာ၊ ပ‌ထွေး — စသဖြင့် ပါဝင်‌နေတာ‌တွေ့ရပါတယ်။ ဒီပြစ်မှု‌တွေ ရဲ့ဇစ်မြစ်၊ ပြစ်မှုဖြစ်ပွား‌စေတဲ့ ဝန်းကျင် စသဖြင့် ပြစ်မှုကျူးလွန်သူတရားခံ၊ ကျူးလွန်ခံရသူရဲ့ အ‌နေအထား၊ အရက်၊ မူးယစ်‌ဆေး ဝါး၊ ညစ်ညမ်းဗွီဒီယို‌တွေက‌ရော ဒီလိုပြစ်မှု‌တွေ ဖြစ်ပွား‌ပေါ်‌ပေါက်‌စေမှုနဲ့ ဘယ်လိုအတိုင်းအတာထိ ဆက်နွယ်ပတ်သက်‌နေ သလဲ။ စသဖြင့် ဘက်‌ပေါင်းစုံက‌နေ ‌လေ့လာစုံစမ်းပြီး ဒီပြစ်မှု‌တွေကို လုံးဝ အမြစ်ဖြတ်ပစ်နိုင်ဖို့ ကြိုးပမ်းကြရမှာပါ။ ဒီလိုယုတ်မာ ရိုင်းစိုင်းလွန်းတဲ့ လူမဆန်မှုဟာ ကပ်‌ရောဂါတစ်ခုလို ပြန့်ပွား‌နေတဲ့ပုံစံ ရှိပါတယ်။ ဒီမကြားဝံ့မနာသာမှုဟာ ကျ‌နော်တို့ လူ့အဖွဲ့အ စည်းကို ခြိမ်း‌ခြောက်‌နေတာ‌တော့ သိပ်ကို ‌သေချာပါတယ်။

ပြစ်မှု‌တွေကို ‌လေ့လာကြည့်တဲ့အခါ အ‌ခြေခံအားဖြင့် ‌အောက်ပါအတိုင်း အမျိုးအစား ၂မျိုး ခွဲခြားနိုင်တာကို ‌တွေ့ရပါတယ်။

၁။ အုပ်စိုးသူအစိုးရက ကျူးလွန်တဲ့ပြစ်မှုအမျိုးအစား
၂။ ပြည်သူ‌တွေအချင်းချင်းအကြားမှာ ကျူးလွန်ဖြစ်ပွားတဲ့ ပြစ်မှုအမျိုးအစား

၁။ အုပ်စိုးသူအစိုးရက ကျူးလွန်တဲ့ပြစ်မှုအမျိုးအစား
ဒီအထဲမှာ‌တော့ လူထုဆန္ဒပြမှု‌တွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့ပြစ်မှု‌တွေ၊ စစ်‌ကြော‌ရေးမှာ၊ အကျဉ်း‌ထောင်ထဲ မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်တဲ့ ပြစ်မှု‌တွေ၊ ‌ရှေ့တန်းစစ်‌မြေပြင်‌တွေမှာ စစ်ဗိုလ်စစ်သား‌တွေ ကျူးလွန် တဲ့ပြစ်မှု‌တွေ၊ လူမျိုး‌ရေး၊ ဘာသာ‌ရေးအဓိကရုဏ်း‌တွေ ဖန်တီးပြီး ပြည်သူအချင်းချင်း‌သွေးခွဲ ရန်တိုက်‌ပေးတဲ့ပြစ်မှု‌တွေ စသဖြင့် ပါဝင်ပါတယ်။

၂။ ပြည်သူ‌တွေအချင်းအချင်းအကြားမှာ ကျူးလွန်ဖြစ်ပွားတဲ့ ပြစ်မှုအမျိုးအစား

မိဘနဲ့သားသမီး၊ လင်နဲ့မယား၊ ညီအစ်ကို‌မောင်နှမ၊ သူငယ်ချင်းအချင်းချင်း၊ လုပ်‌ဖော်ကိုင်ဖက်အချင်းချင်းအကြား သာမန် ‌သောက်စားမူးယစ်ရန်ဖြစ်တာက‌နေ လူသတ်မှုအထိ၊ အိမ်၊ ခြံ၊ လယ်ယာစတဲ့ အ‌မွေမှု‌တွေ၊ ‌ငွေ‌ချေး‌ငွေယူကိစ္စ‌တွေက‌နေ ဖြစ်ပွားတဲ့ ပြစ်မှု‌တွေ၊ မူးယစ်‌ဆေးဝါးစတဲ့ တားမြစ်ကန့်သတ် ပစ္စည်း‌တွေ လက်ဝယ်ထားရှိ၊ သယ်ပို့‌ရောင်းချ ဖြန့်ဖြူးမှု စတဲ့ပြစ်မှု ‌တွေ၊ လူကုန်ကူးမှု စသဖြင့် ပြစ်မှုမျိုးစုံ ပါဝင်ပါတယ်။ ဒီပြစ်မှု‌တွေဟာ သာမန်အားဖြင့် ‌ဖြေရှင်း‌ပြေလည်နိုင်တဲ့ ပြစ်မှု‌တွေ ဖြစ်ပါ တယ်။ ဒါ‌ပေမယ့် ဒီအမှု‌တွေဟာ ရဲ၊ တရားသူကြီး၊ ‌ရှေ့‌နေဆိုသူ‌တွေအတွက် စား‌ပေါက်ဖန်တီး‌ပေးထားသလိုဖြစ်ပါတယ်။ ‌ငွေပုံ ‌ပေးနိုင်သူကသာ တရားနိုင်‌နေတဲ့‌ခေတ် ဖြစ်‌နေပါတယ်။ အာဏာပိုင်အ‌ကောင်ကြီးကို ကပ်နိုင်သူ၊ ‌ပေးနိုင်သူ၊ ‌ပေါင်းနိုင်သူ‌တွေ သာ အနိုင်ရတဲ့‌ခေတ် ဖြစ်‌နေပါ‌သေးတယ်။

အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေးဆိုတဲ့ အဓိကမဏ္ဍိုင်ကြီး ၃ရပ်ဟာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” အရ စစ်ဖိနပ်‌အောက်မှာ ရှိမြဲရှိ‌နေပါ‌သေးတယ်။ ဒီလိုရှိ‌နေသမျှ စစ်မှန်တဲ့ “တရားဥပ‌ဒေစိုးမိုး‌ရေး” ဆိုတာ ဘယ်လိုမှ ဖြစ်‌ပေါ်လာနိုင်စရာအ‌ကြောင်း လုံးဝ မရှိပါဘူး။

အ‌ခြေခံဥပ‌ဒေဆိုင်ရာ အငြင်းပွားမှုမှန်သမျှကို စီရင်ပိုင်ခွင့်ရှိပြီး၊ အ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးကိုတင်ပြပြီး ခုံရုံးက ဆုံးဖြတ်‌ပေးတဲ့ စီရင်ဆုံးဖြတ်မှုမှန်သမျှဟာ “အပြီးအပြတ် အတည်ဖြစ်တယ်” (final and conclusive) ဆိုတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ဦး‌ရွှေမန်း ဥက္ကဋ္ဌလုပ်သွားခဲ့တဲ့ “ပထမအကြိမ်လွှတ်‌တော်”သက်တမ်းအတွင်းမှာ ပယ်ချခဲ့ရုံတင်မကဘူး။ ထိုဆုံးဖြတ်ချက်ကို စီရင်ချမှတ်ခဲ့ကြတဲ့ ဦးသိန်းစိုးအမှူးပြုတဲ့ အ‌ခြေခံဥ‌ပေဒဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို ဖိအား‌ပေး နုတ်ထွက်‌စေခဲ့ တယ် မဟုတ်ပါလား။ ဒါဟာ ဥပ‌ဒေပြု‌ရေးမဏ္ဍိုင်က တရားစီရင်‌ရေးမဏ္ဍိုင်ကို လွှမ်းမိုးဗိုလ်ကျပြလိုက်တဲ့ အထင်ရှားဆုံး သာဓက ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်က အ‌ခြေခံဥပ‌ဒေဆိုင်ရာ အငြင်းပွားမှုမှာ သူတို့ကိုယ်တိုင် ‌ရေးဆွဲပြဋ္ဌာန်းထားပြီး၊ အတည်ဖြစ်လျက်ရှိတဲ့ ဥပ‌ဒေ ပုဒ်မ ပြဌာန်းချက်‌တွေကို ‌ပြောင်းပြန်‌မှောက်လှန်ပြီး ခုံရုံးဆုံးဖြတ်ချက်ကို ဖီဆန်သွားတဲ့ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေရဲ့ ပုဒ်မ ၃၂၄ ကို အတိအလင်း ချိုး‌ဖောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီချိုး‌ဖောက်မှုကို ဦး‌ဆောင်ခဲ့သူ သူရဦး‌ရွှေမန်းလည်း အခု‌တော့ သူ့ရဲ့(Facebook)က‌နေ “တရားဥပ‌ဒေစိုးမိုး‌ရေး”အ‌ကြောင်း သံ‌ယောင်လိုက်တဲ့ အ‌ရေးအသား‌တွေ ခါ‌တော်မီ ‌ရေးသားတင်ပြ ‌နေပါတယ်။

နိဂုံးချုပ်ရမယ်ဆိုရင် ပြည်သူ‌တွေရဲ့အဆုံးအဖြတ်ကို ကာချုပ်က အချိန်မ‌ရွေး ပယ်ချနိုင်တဲ့၊ စစ်တပ်ကိစ္စမှန်သမျှကို ကာချုပ်က သာ လွတ်လပ်စွာ စီမံခန့်ခွဲစီရင်‌ဆောင်ရွက်ပိုင်ခွင့် ရှိ‌နေသမျှကာလပတ်လုံး တရားဥပ‌ဒေစိုးမိုး‌ရေးတို့ ပြည်သူတို့အာဏာ ပြည် သူတို့ ထာဝစဉ်ပိုင်စိုး‌ရေးတို့ဆိုတာဟာ စကားအဖြစ်ပဲ ဖြစ်‌နေအုံးမှာပါ။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို ဖျက်သိမ်းပြီး အ‌ခြေခံဥပ‌ဒေ သစ်တစ်ရပ်နဲ့ မဖြစ်မ‌နေ အစားထိုးရမှာပါ။

တရားဥပ‌ဒေစိုးမိုး‌ရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်း‌ရေးပဲဖြစ်ဖြစ်၊ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင် ‌ရေးပဲဖြစ်ဖြစ် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”‌ဘောင်ထဲက‌နေ ကြိုးပမ်းကြတဲ့အခါမှာ“ကာချုပ်” သ‌ဘောတူမှ ဖြစ်မယ်ဆိုတဲ့ အချက်ဟာ ဘယ်လိုလမ်းကပဲ‌လျှောက်‌လျှောက် လမ်းဆုံးရင် မလွဲမ‌သွေ ‌တွေ့ရမယ့်ရွာ ဖြစ်ပါတယ်။

“ကာချုပ်” သ‌ဘောမတူသမျှ “တရားဥပ‌ဒေစိုးမိုး‌ရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်း‌ရေးပဲဖြစ်ဖြစ်၊ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးပဲဖြစ်ဖြစ်၊ ဖက်ဒ ရယ် ပြည်‌ထောင်စုတည်‌ထောင်‌ရေးပဲဖြစ်ဖြစ်” ပီပီပြင်ပြင် ‌ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဘာ‌ကြောင့်လဲ။

ကာချုပ်နဲ့ စစ်တပ်ဟာ အ‌ခြေခံဥပ‌ဒေရဲ့အထက်မှာရှိ‌နေလို့ပါပဲ။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ဟာ ကာချုပ်နဲ့ စစ်တပ်ကို ထာဝစဉ် ‌ခေါင်း‌ပေါ်ရွက်တင်ထားတဲ့ ဥပ‌ဒေပဲဖြစ်ပါတယ်။