ဇွန်လ ၂၅ရက်။ စောကျော်အဲ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုချိန်ထိ မိုးပုံမှန်မရွာသေးသောကြောင့် မိုးစပါး အဓိက စိုက်ပျိုးနေ ကြသူများနှင့် ခြံထွက်သီးနှံစိုက်ပျိုးသူများ အခက်တွေ့ကာ ညီးညူနေကြရသည်ဟု သိရသည်။
ဒေသခံလယ်သမားတဦးက “အခုချိန်ထိ မိုးက ပုံမှန်မရွာတာကြောင့် ကျနော်တို့ လယ်သမားတွေအတွက်တော့ အခက်ကြုံရတယ်။ ကျနော်တို့နယ်မှာ ရေသွင်းစိုက်ပျိုးရေးစနစ်ဆိုတာ မရှိပါဘူး။ မိုးရေကို လိုက်ပြီး စိုက်ကြ၊ ပျိုး ကြ။ မိုးက ဒီလိုပုံစံနဲ့ပဲ ရွာနေမယ်ဆိုရင် ကျနော်တို့ ထမင်းငတ်ဖို့ပဲ ရှိတော့တယ်”ဟု ပြောသည်။
ယင်းသို့ လယ်ယာလုပ်ငန်းအပြင် အထူးသဖြင့် တောင်ယာနှင့် ခြံထွက်သီးနှံလုပ်ငန်းကိုပါ လုပ်ကိုင်နေကြသည့် ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်း ဒေါနတောင်ခြေတစ်လျှောက်တွင် နေထိုင်ကြသည့် ရွာသူရွာသားများ မှာ အပူရှိန် မြင့်မားမှုကြောင့် ခြံထွက်သီးနှံပင်များ ခြောက်သွေ့သေဆုံးမှုများနှင့် ကြုံတွေ့နေကြရသည်။
ယခုနှစ် နွေရာသီသည် ယခင်နှစ်များထက် အပူချိန် အဆမတန် မြှင့်တက်ခဲ့ခြင်းကြောင့် ဥယျာဉ်ခြံများမှ ကွမ်း၊ သရက်နှင့် ဓညင်းပင်များ လာမည့်နှစ်တွင် သီးနှံအထွက်နှုန်း မရှိမှာကို ခြံပိုင်ရှင်များက စိုးရိမ်နေကြသည်။
“ဒီနှစ်နွေရာသီမှာ အပူချိန်ပြင်းထန်မှုကြောင့် ကွမ်း၊ သရက်၊ ဓညင်းပင်တွေဟာ သီးတောင် မသီးတော့ဘူး။ အပူ ချိန်က အရင်နှစ်တွေနဲ့ မတူဘူး။ ဒီနယ်က လူတွေဟာ လယ်ယာအပြင် ခြံထွက်သီးနှံတွေကိုပဲ အားကိုးကြတာ။ အခြား စီးပွားရေးလုပ်ဖို့ဆိုတာ ဘာမှမရှိဘူး။”ဟု ကော့ကရိတ်မြို့နယ်ရှိ ကုန်သည်တစ်ဦးက ပြောသည်။
ကွမ်းခြံပိုင်ရှင်တစ်ဦးက “ကျနော်တို့တွေက ကွမ်းခြံကနေပဲ ဝင်ငွေ နည်းနည်းပါးပါး ရတာ။ ဒီနှစ်မှာတော့ ကွမ်း ပင်တွေက ခြောက်ကုန်တယ်။ ဘယ်လိုလုပ်ရမှန်း မသိဘူး။”ဟု ပြောဆိုသွားသည်။
ကရင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ခြံထွက်သီးနှံများ အလားတူ ပျက် စီးသေဆုံးခဲ့သည့်အပြင် လယ်ယာလုပ်ငန်းတွင် အထောက်အကူပြုသည့် ကျွဲ၊ နွားလည်း အများအပြား သေဆုံး ခဲ့သဖြင့် လုပ်ငန်းခွင်တွင် အခက်အခဲဖြစ်ရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။