ဧပြီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) သထုံခရိုင်၊ သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအနီး မက်စ်မြန်မာ (Max Myanmar)ကုမ္ပဏီ သိမ်းယူထားသည့် ယင်းဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ၏ ခြံမြေဧက ၅ထောင် အတွက် လျော်ကြေးအပြည့်အဝ ပြန်ရလိုသည်ဟု ဧပြီ ၂၁ ရက်နေ့က ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၅ခုနှစ်၊ စစ်အစိုးရလက်ထက်၌ ဦးဇော်ဇော် ပိုင်ဆိုင်သည့် မက်စ်မြန်မာ ကုမ္ပဏီမှ ရာဘာခြံ စီမံ ကိန်းအတွက် ရွှေရောင်ပြ၊ လာ့အို့ခယ်(ဝင်းကြီး)၊ ကြာ့တရော(ဇီးဝန်း)နှင့် ကလော်ခယ်(ခလောက်အင်း)တို့ရှိ ဒေသခံပိုင်မြေများကို သိမ်းယူပြီး လျော်ကြေးအနည်းငယ်သာ ပေးသောကြောင့် လက်ရှိ ပွင့်လင်းမြင်သာမှုနှင့် ဒေသအခြေအနေ တည်ငြိမ်လာမှုနှင့်အညီ မိမိရသင့်ရထိုက်သည့် အခွင့်အရေးကို ပြန်ရရှိရန် ယခုလို ပြော ဆိုလာခြင်း ဖြစ်သည်ဟု ၎င်းဒေသရှိ ဇီးဝန်းကျေးရွာသူ နော်မုဒါးက ကေအိုင်စီသို့ ပြောသည်။
“သူတို့(ကုမ္ပဏီ)ခြံတွေ ယူထားတော့ အဒေါ်တို့ လုပ်စရာမရှိဘူး။ သူတို့ ရော်ဘာခြံမှာ ပိုက်ဆံရဖို့ သွားအလုပ် လုပ်ရပြန်တယ်။ တကယ်ဆို ကိုယ့်မြေခြံတွေကို မပေးချင်ပေမယ့် ပြန်ပြောမရလို့ ပေးလိုက်ရတယ်။ သူတို့ ပိုက်ဆံ(လျော်ကြေး) ပြန်ပေးပြန်တော့လည်း ခြံနဲ့ ဘယ်တန်မလဲ။ ပိုက်ဆံပေးပြီး ပြန်နှောက်ယှက်လို့ မရအောင် အဒေါ်တို့ကို လက်မှတ်ထိုးခိုင်းသေးတယ်။ အခု မြေပြန်ရဖို့က မလွယ်ဘူး။ ဖြစ်နိုင်ရင် လျော်ကြေးတော့ အပြည့်အဝ ပြန်ရချင်တယ်”ဟု နော်မုဒါးက ပြောသည်။
မက်စ်မြန်မာမှ ၎င်းဒေသရှိ မြေများဝင်ရောက်သိမ်းယူသည့်အချိန်တွင် တစ်ဧကလျှင် ၂သောင်းကျပ်ဖြင့် ဒေသခံများကို ပထမအကြိမ် လျော်ကြေးပေးထားပြီးနောက် ဒေသခံဘက်မှ တစ်ဧကလျှင် ၅သိန်းပေးရန် တောင်းဆိုသည့်အခါ ၂၀၁၄-၂၀၁၅ခုနှစ်တွင် တစ်ဧကလျှင် ၂သိန်းနှုန်းဖြင့်သာ ထပ်မံ လျော်ကြေးပြန်ပေးခဲ့သည်ဟု သူမက ဆက်ပြောသည်။
ထို့အပြင် ကုမ္ပဏီသည် ဒေသခံတောင်းထားသည့် ယခင်ကာလ ပေါက်ဈေးအတိုင်းမပေးနိုင်ဘဲ လုပ်ငန်းဖြစ် မြောက်ပါက ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် စာသင်ကျောင်းများ လုပ်ပေးမည်ဟု ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်ကိုယ်တိုင် ကတိပေးထားသော်လည်း လက်ရှိအချိန်တွင် စာသင်ကျောင်းအနည်းငယ်သာ လာရောက်ဆောက်လုပ်ပေးခြင်းရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ဒေသရှိ ရွှေရောင်ပြကျေးရွာ အုပ်ချုပ်ရေးမှူး စောအောင်မိုးထွန်းက “ဦးဇော်ဇော် လာပြောတာက လုပ် ငန်းဖြစ်ရင် လုပ်ပေးမယ်။ အခု ရော်ဘာခြစ်လို့ရပြီ။ လာမလုပ်ပေးသေးဘူး။ နောက်ပြီး ဒီနေရာကို လာမလုပ်ခင် ကတည်းက ဒေသခံတွေကို လာမညှိနှိုင်းဘဲ အစိုးရက မြေလွှတ်မြေရိုင်းဆိုပြီး ဝင်လာတာ ဖြစ်ပါတယ်။ အမှန်က ဒီနေရာက ဒေသခံလုပ်ကိုင်တယ်။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေလည်း ဖြစ်တယ်။ အရင်က ပြောခွင့်မရတော့ သူတို့ပြီးရင် ပြီးရတယ်။ အခုပြောခွင့်ရလာပြီး လိုရင်တော့ ပြောရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ပဒိုစောမင်းသိန်းကလည်း “ကုမ္ပဏီတွေက မြေတွေကအများကြီး ယူပြီး လျော်ကြေး ပြန်ပေးတဲ့အခါ တချို့တွေက ရတဲ့လူရှိတယ်။ မရတဲ့ လူရှိတယ်။ ပြီးတော့ ကျေနပ်တဲ့ လူရှိတယ်။ မကျေနပ်တဲ့ လူရှိတယ်။ တကယ်ဆို အဓိက အချက်က မြေယာဥပဒေ မြေယာပေါ်လစီကို ပြည်သူတွေသိ အောင် အရင်ချပြ ပေးသင့်တယ်။ ဒီလိုနေရာ ဝင်ယူလိုက်တော့ ဒေသခံတွေ နေရာပျောက်သွားရတာပေါ့”ဟု ပြောသည်။
မက်စ်မြန်မာကုမ္ပဏီ သိမ်းယူဝယ်ထားသည့် မြေများတွင် နစ်နာသူ ၉ဝ ကျော်ရှိကာ ၎င်းတို့အနက် လျော်ကြေး ပြန်ရသူများ ရှိသလို လျော်ကြေး လုံးဝမရသည့် ခြံရှင်များလည်း ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ၏ ပြုစုထားသည့် စာရင်းတွင် ဖော်ပြထားသည်။
မက်စ်မြန်မာကုမ္ပဏီ သိမ်းယူထားသည့် မြေနေရာအနီး ကြာ့တရော(ဇီးဝန်း)ကျေးရွာအနောက်ဘက်ခြမ်း၌ ယခင်စစ်အစိုးရလက်ထက်က ဒေသခံပိုင် မြေဧက ၅၀ဝ ကိုလည်း မြန်မာစစ်တပ်ပိုင်အဖြစ် အဓမ္မသိမ်းယူထားကာ ယခုအချိန်အထိ ပြန်လည်ပေးခြင်း မရှိသေးကြောင်း သိရသည်။



















