အောက်တိုဘာ ၁၂ရက်။ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၅ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မြို့နယ်ပါတီရုံးကို ပြီးခဲ့သည့် စနေ၊ တနဂင်္နွေရုံးပိတ်ရက်နေ့တွင် ဖောက်ထွင်းခံခဲ့ရပြီး စာရွက်စာတမ်းအချို့ ပျောက်ဆုံး သွားခဲ့သည်ဟု မြဝတီမြို့နယ် NLD အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောသည်။
၎င်းက “သောကြာနေ့က စပြီး ရုံးပိတ်တယ်။ ကျနော်တို့ ရုံးလာတက်တဲ့အချိန်မှာ နောက်ကပြတင်းပေါက် အဖောက်ခံထိထားတယ်။ မသကင်္ာတဲ့နောက် သွားကြည့်လိုက်တော့ အိမ်သာလည်း အဖောက်ခံထိထားတယ်။ စာရွက်စာတမ်းတွေကို ရုံးထိုင်မှူးကိုမေးကြည့်တော့ ဖိုင်တစ်ဖိုပျောက်သွားတယ်။ ကျန်တဲ့ပစ္စည်းတွေတော့ ပျောက်သွားတာသိပ်မရှိဘူး။ တိုင်ကြားချက်ကတော့ ဒီမှာရှိတဲ့ နယ်ထိန်းနဲ့ ရဲစခန်းကို အကြောင်းကြားပြီးတော့ ပြောထားတယ် ” ဟု နယ်ခံသတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောသည်။
ရွေးကောက်ပွဲကျင်းပရန် နီးလာသည်အမျှ ယခုလို ပါတီရုံးဖောက်ထွင်းခံရ၍ ပါတီဝင်များ၏ လုံခြုံရေးကိုလည်း စိုးရိမ်နေရပြီး တာဝန်ရှိသူများအနေဖြင့် ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည်ဟု ဦးသန့်ဇင်အောင်က ဆက်ပြောသည်။
အဲန်အယ်လ်ဒီ ပါတီရုံးအနီးတွင် နေထိုင်ပြီး ကိုယ်တိုင်မြင်တွေ့ရသူ မညိုညိုဝင်းက “အဲဒီည ၇နာရီကျော်ပဲ ရှိသေးတယ်။ အဲဒီရုံးထောင့်ကနေ ထွက်ပြေးသွားတယ်။ ရုပ်ကိုတော့သမီးမမြင်ရဘူး။ အကျီင်္အမဲရောင်နဲ့ ဘောင်းဘီက အဖြူရောင်၊ ပုံစံက အရပ်နည်းနည်း မြင့်တယ်။ ဝလည်းမဝဘူး။ ပိန်လည်း မပိန်ဘူး ”ဟု ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မြဝတီမြို့ခရိုင်၌ နိုင်ငံရေးပါတီ ၁၁ပါတီ ဝင်ပြိုင်မည်ဖြစ်ကာ ပါတီရုံးများ မြဝတီမြို့ပေါ်တွင် အသီးသီးဖွင့်လှစ်ထားသော်လည်း NLD ပါတီရုံးတစ်ရုံးတည်းသာ ပထမဆုံးအကြိမ် ဖောက်ထွင်းခံရ ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလတို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေသည့် ပါတီကိုယ်စားလှယ်လောင်းများ၏ လုံခြံရေးနှင့် မဲရုံလုံခြုံရေးတို့ကို မြဝတီခရိုင်ရဲတပ်ဖွဲ့နှင့် အထူးရဲ ၄၉ဦးတို့က တာဝန်ပေးအပ်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်နေ့က ပြုလုပ်သည့် မြဝတီခရိုင်ရဲတပ်ဖွဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ခရိုင်ရဲမှူး ဦးမိုးညိုက ပြောကြားခဲ့သည်။



















