Home သတင်း မ‌လေးရှားတွင် UNHCR ကဒ်ရှိထားသူများအတွက် ကျန်းမာ‌ရေးအာမခံချက်ပြုလုပ်‌ပေး

မ‌လေးရှားတွင် UNHCR ကဒ်ရှိထားသူများအတွက် ကျန်းမာ‌ရေးအာမခံချက်ပြုလုပ်‌ပေး

2382

စက်တင်ဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မ‌လေးရှားနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်ကြသည့် ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) လက်မှတ်(ကဒ်) ကိုင် ‌ဆောင်သူ မြန်မာပြည်သားများအတွက် ကျန်းမာ‌ရေးအာမခံချက်များရရှိရန် ကွာလာလမ်ပူမြို့ရှိ တိုင်းရင်းသား‌ပေါင်းစုံဆိုင်ရာ အဖွဲ့အစည်းရုံးများတွင် ဇူလိုင်မှ ဒီဇင်ဘာအထိ ‌ဆောင်ရွက်‌ပေး‌နေပြီဟု သိရသည်။

မ‌လေးရှားအ‌ခြေစိုက် UNHCR နှင့် Tune insurance ကုမ္ပဏီတို့က ပထမဆုံးအကြိမ်အဖြစ် အဆိုပါအာမခံချက်ကို မ‌လေးရှား နိုင်ငံ‌ရောက် UNHCR ကဒ် ကိုင်‌ဆောင်သူ မည်သည့်ဒုက္ခသည်မဆို အသက်ပိုင်းခြားမှု မရှိဘဲ ပြုလုပ်‌ပေးပြီး ၁နှစ်သက်တမ်းဖြင့် မ‌လေးရှား‌ငွေ RM ၁၃၁.၅ဝပြား ကုန်ကျသည်ဟု UNHCR နှင့် ပူး‌ပေါင်းပါဝင်ပြီး ဦး‌ဆောင်တာဝန်ခံ လုပ်‌ပေးသည့် ‌စောထွန်းဝင်း က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောထွန်းဝင်းက “ကျန်းမာ‌ရေး‌ထောက်ခံချက် လုပ်‌ပေးတာက ဒုက္ခသည်ကဒ်ရှိထားတဲ့လူမှ လုပ်‌ပေးတယ်။ အခုလို လုပ်‌ပေးတဲ့ အတွက် ကျ‌နော်တို့လူထု‌တွေက ‌နေမ‌ကောင်းလို့ ‌ဆေးရုံ‌တွေ တက်ရတဲ့အခါ ပိုက်ဆံ မလုံ‌လောက်တာ မပူပင်ရ‌တော့ဘူး။ ပြီး ‌တော့ အာမခံချက်ရှိတဲ့အတွက် တကယ်လို့ ဒီတနှစ်အတွင်းမှာ သူတို့ဘက်က ‌နေမ‌ကောင်းဖြစ်လို့ မ‌တော်တဆဖြစ်ပြီး ‌သေဆုံး သွားရင် ‌လျော်‌ကြေး ၂၃,၀၀ဝ ပြန်ရတယ်”ဟု ‌ပြောသည်။

ကျန်းမာ‌ရေးအာမခံချက်ကို မိသားစုများနှင့် ပြုလုပ်လျှင် မိဘနှင့် အသက် ၁၈နှစ်‌အောက်ရှိ သားသမီး ၃ဦးလျှင် စုစု‌ပေါင်း RM ၁၆၃.၅ဝပြားသာ ကုန်ကျပြီး ကျန်းမာ‌ရေး အာမခံချက် ပြုလုပ်ချင်သူများကို တိုင်းရင်းသား‌ပေါင်းစုံရုံးတွင်လည်း တစ်ပတ်လျှင် နှစ်ရက်တာ ‌ဆောင်ရွက်‌ပေး‌နေ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ကျန်းမာ‌ရေးအာမခံချက် ပြုလုပ်ရာ၌ ကိုယ်ဝန်‌ဆောင်အမျိုးသမီးများအတွက် အာမခံချက် မပါဘဲ သာမန်‌ရောဂါနှင့် မ‌တော်တဆ(အက်စီးဒင့်)များကိုသာ အာမခံ‌ပေးပြီး သာမန်‌နေမ‌ကောင်းသူ RM ၁၂၀၊ မ‌တော်တဆဖြစ်သူ RM ၁၁.၅ဝ ကုန်ကျ ပြီး တနှစ်စာကျန်းမာ‌ရေး အာမခံချက်အတွက် တစ်ဦးလျှင် စုစု‌ပေါင်း RM ၁၃၁.၅ဝ ကုန်ကျ‌ကြောင်း သိရသည်။

ကျန်းမာ‌ရေးအာမခံချက်လုပ်‌ဆောင်သူ ‌ကျော်စိုးက “ကျန်းမာ‌ရေးအာမခံချက်လုပ်‌တော့ သွားလုပ်တာ‌ပေါ့။ တကယ်လို့ ‌နေမ ‌ကောင်းဖြစ်ရင် ‌ဆေးသွားကုဖို့ ပိုက်ဆံမကုန်‌တော့ဘူး။ ‌နေမ‌ကောင်းတဲ့အချိန်မှာ ပိုက်ဆံမရှိမှာကိုလည်း စိုးရိမ်စရာမလို‌တော့ ဘူး။ အခုလို အာမခံချက်‌တွေရှိလာ‌တော့ ‌ကောင်းသွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မ‌လေးရှားနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်သားများအထဲတွင် အချို့မှာ မြန်မာပြည် ပတ်စ်ပို့၊ ဗီဇာများ ဖြင့် ‌ရောက်ရှိသူများနှင့် ‌ဒေသအတွင်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် မ‌လေးရှားနိုင်ငံ ထွက်ခွါသွားပြီး ဒုက္ခသည်အဖြစ် ခံယူ၍ UNHCR မှ ထုတ်‌ပေးသည့် ကဒ်များကို အသုံးပြုကာ အလုပ်လုပ်ကိုင်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည်ဟု သိရသည်။

ကွာလာလမ်ပူမြို့တွင် မ‌လေးရှားနိုင်ငံ‌ရောက် မြန်မာတိုင်းရင်းသားများကို ကူညီ‌စောင့်‌ရှောက်နိုင်ရန် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ၎င်းတို့၏အဖွဲ့ရုံးများ ရှိကြပြီး ထိုရုံးများတွင်လည်း ကျန်းမာ‌ရေးအာမခံချက်ရရှိရန် လုပ်‌ဆောင်‌ပေး‌နေသည်။