Home သတင်း မယ်‌တော်‌ဆေးခန်း ဘဏ္ဍာ‌ငွေအခက်အခဲ‌ကြောင့် မဲ‌ဆောက်‌ဆေးရုံကြီးသို့ ပို့‌ဆောင်ရမည့် လူနာဦး‌ရေ ‌လျှော့ချမည်

မယ်‌တော်‌ဆေးခန်း ဘဏ္ဍာ‌ငွေအခက်အခဲ‌ကြောင့် မဲ‌ဆောက်‌ဆေးရုံကြီးသို့ ပို့‌ဆောင်ရမည့် လူနာဦး‌ရေ ‌လျှော့ချမည်

2319
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၏ ၂၀၁၂ခုနှစ်အတွင်း ဘဏ္ဍာ‌ငွေ ‌လျော့နည်းသွား‌သော‌ကြောင့် မဲ‌ဆောက်‌ဆေးရုံကြီးသို့ ပို့‌ဆောင်ကုသရမည့် လူနာဦး‌ရေ ‌လျှော့ချလိုက်ရသည်ဟု ‌ဆေးခန်းအ‌ထွေ‌ထွေ တာဝန်ရှိသူ ဦး‌အောင်‌ဖေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦး‌အောင်‌ဖေက “လွန်ခဲ့တဲ့နှစ်‌တွေကကျ‌တော့ ခွဲစိတ်ရမယ့်လူနာ‌တွေ၊ အ‌ရေး‌ပေါ်ပို့ရမယ့် လူနာ‌တွေဆိုလို့ရှိရင် ကျ‌နော်တို့ ပို့လို့ရခဲ့တယ်။ အခုကျ‌တော့ ဘဏ္ဍာ‌ငွေ ‌လျော့လာတဲ့အတွက်‌ကြောင့် ပို့မယ်ဆိုရင် ‌ငွေကုန်မယ်ဆိုတဲ့ အ‌ခြေအ‌နေ ဖြစ်‌နေလို့ မပို့‌တော့ဘူး။ ကျ‌နော်တို့ တတ်နိုင်သ‌လောက်‌တော့ ‌ဆေးခန်းထဲမှာပဲ ကုသ‌ပေး‌နေတယ်”ဟု ‌ပြောသည်။

၂၀၁၁ခုနှစ်က မဲ‌ဆောက်‌ဆေးရုံကြီးသို့ ပို့‌ဆောင်ကုသခဲ့‌သော လူနာစုစု‌ပေါင်း ၇၀၉ဦးရှိပြီး ၎င်းအနက်မှ ၆ဝရာခိုင်နှုန်းသည် မြန်မာပြည် တွင်းမှ ‌ရောက်လာကြသူများဖြစ်‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ ၂၀၁၁ခုနှစ်၊ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ပြည်တွင်းနိုင်ငံ‌ရေး အ‌ပြောင်းအလဲများ‌ကြောင့် ၂၃နှစ်ကြာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းအတွက် ဘဏ္ဍာ‌ငွေ ရရှိမှု‌လျော့သွားရခြင်းဖြစ်‌ကြောင်း ဦး‌အောင်‌ဖေက ‌ပြောသည်။

“မြန်မာပြည်ရဲ့အ‌ခြေအ‌နေက နည်းနည်း‌တော့ အ‌ပြောင်းအလဲရှိလာတယ်လို့ ‌ပြောလို့ရတယ်‌လေ။ အဲဒါ‌ကြောင့်မို့လို့ NGO အဖွဲ့အစည်း ‌တွေက ဒီ‌ဆေးခန်းကို မြန်မာပြည် ပြန်လုပ်လို့ရမယ်ထင်လို့။ ‌နောက်ပြီး‌တော့ ‌ထောက်ပံ့‌ကြေး‌ငွေ အကူအညီ‌တွေက မြန်မာပြည်အတွင်း ပိုင်းမှာ ဝင်သွားတဲ့အခါကျ‌တော့ ဒီနယ်စပ်မှာ‌ပေးတဲ့ အကူအညီ ‌လျော့နည်းသွားတယ်”ဟု သူက ဆိုသည်။

၂၀၁၂ခုတွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများ၊ အစားအစာ၊ ပညာ‌ရေးနှင့် ပြည်တွင်းရွာပုန်းရွာ‌ရှောင် ဒုက္ခသည်တစ်သိန်းခွဲအတွက် ‌နေစရာ အမိုးအကာများ ရရှိရန် အလှူ‌ငွေ ထိုင်းဘတ် ၁၈သန်း (အ‌မေရိကန် ‌ဒေါ်လာ ၆သိန်း) အ‌ရေး‌ပေါ်လိုအပ်‌နေ‌ကြောင်းလည်း မယ်‌တော်‌ဆေးခန်းက ထုတ်ပြန်ထားသည်။

ဘဏ္ဍာ‌ငွေလိုအပ်မှုသည် ၎င်း‌ဆေးခန်းရှိ မိခင်နှင့် က‌လေးကျန်းမာ‌ရေးဌာန၊ မျက်စိဌာန၊ ပညာ‌ရေးဌာန၊ ပြင်ပလူနာဌာန၊ အဆုတ်‌ရောဂါ ဌာန အပါအဝင် ဌာနအသီးသီးသို့လည်း အကျိုးသက်‌ရောက်မှု ရှိ‌နေပြီး ‌ငွေ‌ကြေးအခက်အခဲ‌ကြောင့် လတ်တ‌လောတွင် ‌ဆေးခန်းမှ ကျန်းမာ‌ရေးဝန်ထမ်းများ၏ ပုံမှန်လစာကို ၂ဝရာခိုင်နှုန်း ‌လျော့ချလိုက်ရ‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျန်းမာ‌ရေးဝန်ထမ်း ‌နော်‌တော‌ဂေမူးက “ကျမတို့ ဝန်ထမ်း‌တွေအတွက်ကျ‌တော့ အဓိက စားဝတ်‌နေ‌ရေးပဲ ဖြစ်တယ်‌လေ။ ဒီပြဿနာက ကျမတစ်‌ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့ တခြားဝန်ထမ်း မိသားစုဝင်‌တွေ‌ရောပဲ‌လေ။ ဒါ‌ပေမဲ့လို့ ဒီ‌ဆေးခန်းမှာ လုပ်တဲ့ဝန်ထမ်း အများစုက စိတ်‌စေတနာအရ လုပ်‌နေကြတယ်”ဟု ဆိုသည်။

ယခုကဲ့သို့ လိုအပ်‌နေသည့် ဘဏ္ဍာ‌ငွေအတွက် နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလိက လှူဒါန်းလိုသူများကို ဖိတ်‌ခေါ် ‌ကြောင်း မယ်‌တော်‌ဆေးခန်း အင်တာနက်စာမျက်နှာတွင် အသိ‌ပေး ‌ဖော်ပြထားသည်။