Home သတင်း လယ်ဒိုတွင် နှစ်ရက်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

လယ်ဒိုတွင် နှစ်ရက်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

20
Photo: KNU

ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း ဩဂုတ်လ(၆)ရက်နှင့်(၉)ရက်နေ့တို့တွင် လက်နက်နှင့်တကွ စစ်အုပ်စုတပ်ဖွဲ့ဝင်(၄) ဦး တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၉) ထံသို့ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့က စစ်အုပ်စု၏ ခြေလျှင်တပ်ရင်း ခလရ-၆၀ မှတပ်ဖွဲ့ဝင် မျိုးမင်းဦးသည် လက်နက်နှင့်တကွ KNLA ထံ ခိုလှုံလာခြင်းဖြစ်သည်။

ဩဂုတ်လ(၉)ရက်နေ့တွင်လည်း စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၅၉၆ မှ မိုးအေး၊ မင်းခန့်၊ ရဲမင်းအောင် ဆိုသူ တပ်ဖွဲ့ဝင် (၃) ဦးတို့ ဆက်လက်ဘက်ပြောင်းလာရာ နှစ်ရက်အတွင်း စုစုပေါင်း (၄)ဦးရှိလာသည်ဟု ကေအဲန်ယူက ပုံနှင့်တကွ ဖော်ပြသည်။

၎င်းတို့(၄) ဦးမှာ စစ်အုပ်စု၏အုပ်ချုပ်မှုအောက်တွင် ဆက်လက်မနေထိုင်လိုသဖြင့် KNLA တပ်ရင်း(၉)ထံ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

Photo: KNU

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေတွင် စစ်အုပ်စုနှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် (၅)နှစ်ကျော်ကာလတစ်လျှောက် စစ်အုပ်စုတပ်ဖွဲ့ဝင်များ KNLA ထံ ပြောင်းရွှေ့ခိုလှုံမှု အကြိမ်ကြိမ်ရှိလာပြီး အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ တပ်သားအင်အား စုဆောင်းခြင်း နောက်ပိုင်း ဘက်ပြောင်းသွားသူပိုများသည်။

ယင်းအပေါ် ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်များတွင် မကြာခဏတွေ့ရသလို မတရားစစ်မှုထမ်းစေခိုင်းခံရသူများအနေဖြင့်လည်း KNLA အပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ သွားရောက်ပူးပေါင်းနိုင်ကြရန် ကေအဲန်ယူက စည်းရုံးလှုံ့ဆော်ထားခြင်းရှိသည်။

ထို့အတူ လယ်ဒိုမြို့နယ်၊ KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်းများထံသို့ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်အုပ်စုဘက်မှခိုလှုံလာသူဦးရေကို စုစုပေါင်း(၃၀)ထက်မနည်း ရှိကြောင်းလည်း ပြီးခဲ့သည့် ဧပြီ(၂၁)ရက်နေ့က ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ သိရသည်။