ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တောင်ငူ-သံတောင်ကြီးလမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စုတပ်ဖွဲ့ဝင်များ အထိုင်ချနေ၍ လုံခြုံရေးကြောင့်ကလေးငယ်များ ကျောင်းမတက်ရဲဘဲ ရွာအလယ်တန်းကျောင်းကိုလည်း ယနေ့တွင် ယာယီပိတ်ထားရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက် မှစတင်၍ တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိပြီးနောက်တွင် ပျားစခန်းရွာအနီး တပ်စွဲအထိုင်ချထားခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်နှင့်ဒေသခံများက ပြောသည်။
“ရွာပြင်ဘက်မှာ သူတို့(စစ်အုပ်စု)ကား ထိထားတော့ အထိုင်ချနေတယ်။ သူတို့ရှိနေတော့ ရွာထဲမှာ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲတော့ ကျောင်းပိတ်ထားရတယ်” ဟု လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးက ပြောသည်။
အဆိုပါစစ်အုပ်စုသည် မော်တော်ယာဥ်(၁၇)စီးဖြင့် (၄)မိုင်မှ သံတောင်ကြီးသို့သွားရန် လမ်းကြောအတိုင်းချီတက်လာခြင်းဖြစ်သည်။ ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားနေစဥ်နှင့်နောက်ပိုင်းတွင် ဘုရင့်နောင်တပ်စခန်းမှ စစ်တပ်က အနီးဝန်းကျင်ရွာများသို့ လက်နက်ကြီးများ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။
ယင်းကြောင့် နံ့သာကုန်း၊ ကျောက်တိုင်ကျေးရွာ စသည်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
သံတောင်(၁၃)မိုင်နေ ဒေသခံအမျိုးသားတစ်ဦးက “(၄) မိုင်ကနေ သံတောင်ကြီးဘက်ကို စစ်အုပ်စုကားတွေတက်တာ လမ်းမှာ ပစ်ခတ်မှုတွေဖြစ်တော့ လက်နက်ကြီးတွေပစ်တာ။ ကျောက်တိုင်ကအိမ်တွေထိတယ်၊ လူတွေတော့ရှောင်နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပစ်ခတ်မှုနှင့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပေါ် ထိခိုက်သေဆုံးသူ ရှိမရှိကိုလည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်နယ်မြေအတွင်းရှိ တောင်ငူ-သံတောင်-လိပ်သိုလမ်းပိုင်းတွင် လက်ရှိအာဏာသိမ်းထားသည့်ကာလအတွင်း စစ်အုပ်စုယာဉ်တန်းများ ဖြတ်သန်းစဉ် တော်လှန်ရေးတပ်ဖွဲ့ဘက်က မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။
ထို့အတူ ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့ကလည်း စစ်အုပ်စုယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်မှုနှင့် အပြန်အလှန်ပစ်ခတ်မှုဆက်လက်ဖြစ်ပွားသည့်အတွင်း ဒေသခံထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။



















