Home သတင်း ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့်စစ်ဖက် ပူးပေါင်းပြီး ဖားအံခရိုင်တွင် လူထုလှုပ်ရှားမှုပြုလုပ်

ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့်စစ်ဖက် ပူးပေါင်းပြီး ဖားအံခရိုင်တွင် လူထုလှုပ်ရှားမှုပြုလုပ်

17
Photo : KNU

ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း အုပ်ချုပ်ရေးနှင့်စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဒေသခံပြည်သူများ၏ မိုးရာသီစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် ဇူလိုင်လ (၃၁) ရက်က သွားရောက်ကူညီပေးခဲ့ကြကြောင်း ကေအဲန်ယူ-ဗဟို၏ ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ဖားအံခရိုင်၊ နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီမှ ဦးဆောင်ကာ အမျိုးသမီး၊ လူငယ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် တစ်သားတည်းဖြစ်ရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ဒေသခံများအတွက် မိုးစပါးစိုက်ကူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

ယခုလို စိုက်ပျိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းသည် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းကို လက်တွေ့အကူအညီပေးခြင်းဖြစ်သလို တော်လှန်ရေးအဖွဲ့အစည်းများနှင့် လူထုအကြား နီးကပ်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လှုပ်ရှားမှုတွင် ကေအဲန်ယူ၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူးအပါအဝင် တပ်ရင်းခေါင်းဆောင်များ၊ KNLA တပ်ဖွဲ့ဝင်များ၊ ဖားအံခရိုင် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ရှီးဝါးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ခေါင်းဆောင်များလည်း ပါဝင်ကြသည်။

Photo : KNU

ထို့အတူ လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO အဖွဲ့ဝင်များ၊ ဒေသခံများ၊ စုစုပေါင်း လူဦးရေ(၉၀) ကျော် ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖားအံခရိုင်သည် နယ်မြေအတွင်း အစားအသောက်ဖူလုံရေးနှင့်စီးပွားရေးအတွက် စပါးစိုက်ပျိုးရေးအပေါ် အဓိကအားထားနေရသည့်ဒေသတစ်ခုဖြစ်ပြီး ခရိုင်တစ်ခုလုံးအနေဖြင့် နှစ်စဉ် စပါးစိုက်ဧက (၁) သိန်းကျော်မှ ၁ သိန်း ၂ သောင်းကျော်ခန့် ရှိသည်။

ထို့အတူ စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ ၂၀၂၃–၂၀၂၅ ခုနှစ်များတွင် လှိုင်းဘွဲမြို့နယ်တစ်ခုတည်းမှာပင် မိုးစပါးစိုက်ဧက ၁၂၀,၈၄၃ ဧကမှ ၁၂၀,၈၈၉ ဧကအထိ လျာထားချက်ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးတက်ရေးကိုအားပေးကူညီနေသည့် ကေအဲန်ယူအနေဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တုန်းကလည်း စိုက်ပျိုးအားကောင်းသည့် ခရိုင်(၆)ခုတွင် မျိုးစပါးများ၊ လုပ်အားခများနှင့် လယ်ထွန်စက်အချို့ထောက်ပံ့ခြင်းအပြင် ရေနုတ်မြောင်းများတူးဖော်ပေးခြင်းဖြင့်လည်း ပံ့ပိုးကူညီမှုများ ရှိခဲ့ကြောင်း သိရသည်။