Home သတင်း မယ်ဆိုင်မြို့တွင် ဆိုင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ် သတိပေးတပ်လှန့်ထား

မယ်ဆိုင်မြို့တွင် ဆိုင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ် သတိပေးတပ်လှန့်ထား

15
Reference and Photo: Thai PBS World.

ဩဂုတ် ၁ ရက် ၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံဘက်ခြမ်း၌ မိုးရေချိန် မြင့်တက်လာခြင်းနှင့်အတူ ဆိုင်မြစ်ရေ များပြားလာနေသည့်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၌ ရေဘေးအန္တရာယ် သတိပေးတပ်လှန့်ထားကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြသည်။

လက်ရှိတွင် မြစ်ရေသည် ကမ်းပါးယံအနားအထိ ရောက်ရှိနေပြီး မယ်ဆိုင်မြို့ခံများသည် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်သဖြင့် နေအိမ်များတွင် သဲအိတ်များဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြသည်။ ထို့အပြင် ရေအမှတ်သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အောက်ဘက်အထိ မြင့်တက်လာပြီး မြစ်ရေနှင့်အတူ အမှိုက်သရိုက်များနှင့် အညစ်အကြေးများ စီးမျောပါလာသည်ကို တွေ့ရသည်။

ယခုအချိန်အထိ ရေလွှမ်းမိုးမှု အန္တရာယ်အမှတ်အသားသို့ ရောက်ရှိခြင်း မရှိသေးသော်လည်း ဆိုင်မြစ်အထက်ပိုင်း မြန်မာနိုင်ငံဘက်ခြမ်း၌ မိုးရေချိန် ၈၀ မီလီမီတာအထိ ရွာသွန်းထားသဖြင့် မယ်ဆိုင်မြို့နှင့် ထိစပ်နေသော ဆိုင်မြစ်အတွင်းသို့ ရေများ အလုံးအရင်းဖြင့် ဆက်လက်စီးဝင်လာမည်ဟု ထိုင်းအခြေစိုက် Hydro-Informatics အင်စတီကျုက ထုတ်ပြန်ထားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မယ်ဆိုင်ခရိုင်အကြီးအကဲ မစ္စတာ ဝါရာယွတ် ခွမ်ဘွန်က အာဏာပိုင်များအနေဖြင့် မြို့တွင်း ရေဘေးကာကွယ်ရေးစနစ်များနှင့် မြစ်ကမ်းအနီးရှိ နေအိမ်များတွင် ယာယီရေတားများ တပ်ဆင်ထားရှိမှုကို စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း ပြောဆိုထားသည်။

ထို့အတူ မယ်ဆိုင်မြို့တော်ဝန် မစ္စတာ အနုချာ ရောချီယန်ခမ်ကလည်း မိုးရေချိန် မြင့်တက်နေမှုအပေါ် မယ်ဆိုင်မြို့နှင့် ဆိုင်မြစ်အထက်ပိုင်းရှိ ရေစုစည်းရာ နေရာများကို အထူးဂရုစိုက် စောင့်ကြည့်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

မြန်မာနိုင်ငံဘက်ခြမ်း ဆိုင်မြစ်အထက်ပိုင်းမှ စီးထွက်လာသည့် ရေများသည် မယ်ဆိုင်ဘက်သို့ ရောက်ရှိရန် ၅ နာရီခန့် ကြာမြင့်နိုင်သဖြင့် မယ်ဆိုင်မြို့တခွင်တွင် အထူးသတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ သို့သော် မိုးရေချိန်များ ပြန်လည်ကျဆင်းသွားပါက ဆိုင်မြစ်ရေချိန် ပြန်လည်ကျလာနိုင်ပြီး သတိပေးချက်များကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။