Home သတင်း ကျားဖြန့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် DKBA နှင့် ခေါင်းဆောင်(၅)ဦးကို EU ဒဏ်ခတ်

ကျားဖြန့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် DKBA နှင့် ခေါင်းဆောင်(၅)ဦးကို EU ဒဏ်ခတ်

11

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လည်ပတ်မှုအပါအဝင် လူကုန်ကူးမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် အဖွဲ့ခေါင်းဆောင် (၅) ဦးကို ဥရောပသမဂ္ဂ(EU)က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇူလိုင်လ(၃၀)ရက်နေ့က တရားဝင်ကြေညာချက် ထုတ်သည်။

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်း ဒုစရိုက်လုပ်ငန်းများ၊ အဆောက်အအုံများ လည်ပတ်ရန် အကာအကွယ်ပေးခြင်း၊ အကြီးစားကျားဖြန့်စင်တာများကို ကူညီပံ့ပိုးပေးခြင်းတို့တွင် တာဝန်ရှိသည့်အပြင် ပိတ်မိနေသည့် လူကုန်ကူးခံရသူများကို အကြမ်းဖက်မှုအတွင်း ပါဝင်နေခြင်းကြောင့် အရေးယူခြင်းဖြစ်သည်ဟု EU က ဆိုသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသည့်စာရင်းတွင် လုပ်ငန်းအဖွဲ့အစည်းအားဖြင့် DKBA နှင့် ကုမ္ပဏီ(၂)ခု ပါဝင်ပြီး လူပုဂ္ဂိုလ်အနေဖြင့် DKBA အဖွဲ့ခေါင်းဆောင် (၅) ဦး၊ လုပ်ငန်းရှင်(၂)ဦး တို့ပါဝင်သည်။

DKBA ခေါင်းဆောင်များမှာ စစ်ဦးစီးချုပ်ဟောင်း စောစတီး၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှနှင့် ဗိုလ်မှူးကြီး စောအယ်လဲထူးတို့ ဖြစ်ကြောင်း EU စာရင်းကဖော်ပြသည်။

လုပ်ငန်းရှင်(၂)ဦးနှင့် Prince Holding Group ၊ Jin Bei Group တို့အား ကမ္ဘောဒီးယားနယ်စပ်တွင် ကာစီနို၊ အွန်လိုင်းငွေလိမ်စင်တာအဆောက်အဦးကို ဆောက်လုပ်ပေးမှုနှင့် ငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိသည်ဟုဆိုကာ အရေးယူဒဏ်ခတ်ထားခြင်းဖြစ်သည်။

Photo: DKBA

ကရင်ပြည်နယ်တွင် ဒေသတွင်းထိန်းချုပ်ထားသည့် လက်နက်ကိုင်အုပ်စုမှာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြင့်သာ နာမည်ဆိုးထွက်နေပြီး ၎င်းတို့ကို ဖယ်ရှားနိုင်မှ ပိုမိုတိုးတက်သည့် တော်လှန်ရေးခရီးကို သွားနိုင်မည်ဟုလည်း ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အရေးစောင့်ကြည့်နေသူ စောသူးဘီးက ဆိုသည်။

“ကရင်ပြည်နယ်မှာရှိနေတဲ့လက်နက်ကိုင်အုပ်စုတွေက လိမ်လည်တဲ့ခေါင်းဆောင်တွေ တရုတ်မာဖီးယားတွေနဲ့ပေါင်းလိမ်ပြီး မတရားမှုတွေ လုပ်နေတယ်။ ဒါတွေနဲ့ပဲနာမည်ကထွက်နေတယ်။ မကောင်းတဲ့သတင်းမှာပဲ နာမည်ထွက်တော့ တော်လှန်ရေးတစ်ဖက်တစ်ခြမ်းမှာလည်း ထိခိုက်စေတယ်” ဟု စောသူးဘီးက ဆိုသည်။

EU ၏ ဒဏ်ခတ်ပိတ်ဆို့ခံရသူများသည် ဥရောပသမဂ္ဂနိုင်ငံများအတွင်း စီးပွားရေးအရရော ငွေကြေးအရပါ ဆက်သွယ်စီးဆင်းခွင့် ပိတ်ဆို့ခြင်း၊ ဘဏ်အကောင့်နှင့် ငွေကြေးပိုင်ဆိုင်မှုများကို ပိတ်ဆို့သိမ်းယူခြင်း၊ ခရီးသွားလာခွင့်ပိတ်ဆို့ခြင်းတို့ဖြင့် အရေးယူခံရခြင်းရှိသည်။

အလားတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန(OFAC)ကလည်း လက်ရှိ EU စာရင်းဝင် DKBA မှ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နှင့် စိုင်းကျော်လှတို့ (၄)ဦးအား အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သေးသည်။

အမေရိကန်၏အရေးယူမှုနှင့်ပတ်သက်ပြီး အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့်လုပ်ရပ် ဖြစ်ကြောင်း ထိုစဥ်က ဗိုလ်ချုပ် စောဆန်းအောင်မှ ဝေဖန်ပြောဆိုခဲ့ခြင်းရှိသည်။
Photo: DKBA, KIC