Home သတင်း စစ်အုပ်စု တပ်ဖွဲ့ဝင် (၁) ဦး လက်နက်နှင့်တကွ တပ်မဟာ(၄) KNLA ထံ ဘက်ပြောင်းခိုလှုံ

စစ်အုပ်စု တပ်ဖွဲ့ဝင် (၁) ဦး လက်နက်နှင့်တကွ တပ်မဟာ(၄) KNLA ထံ ဘက်ပြောင်းခိုလှုံ

14
Photo: KNU

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆော/ဘုတ်ပြင်းမြို့နယ်တွင် ယနေ့၊ ဇူလိုင်လ ၃၁ ရက်နေ့က စစ်အုပ်စု တပ်ဖွဲ့ဝင်(၁)ဦး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၂၀၃)ထံ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ တပ်မဟာ(၄)က ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီအချိန်တွင် KNLA ထံ ဘက်ပြောင်းလာသော အဆိုပါတပ်ဖွဲ့ဝင်မှာ စစ်အုပ်စု၏အတင်းအကြပ် စစ်မှုထမ်းဆောင်ရန်ခိုင်းစေခြင်းခံခဲ့ရသူဖြစ်ပြီး စစ်အုပ်စုလက်အောက်တွင် ဆက်မနေလိုတော့သဖြင့် ထွက်ပြေးလာသည်ဟု ဆိုသည်။

၎င်းနှင့်တကွ MA-1 အမျိုးအစား လက်နက်ငယ် (၁) လက်၊ ကျည်ဘောက်(၁)ခု၊ ကျည်တောင့်(၂၀) သယ်ဆောင်လာပြီး KNLA တပ်မဟာ(၄) တပ်ရင်း(၂၀၃)ထံ ခိုလှုံလာကြောင်း ကေအဲန်ယူ၏ယနေ့ထုတ်ပြန်ချက်က ဖော်ပြသည်။

မြိတ်-ထားဝယ်ခရိုင် ကေအဲန်ယူနယ်မြေတွင် စစ်တပ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်လုံး တော်လှန်ရေးအင်အားစုများနှင့်စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲများအတွင်း အင်အားဖြည့်ရန် စစ်အုပ်စုအတင်းအကြပ်စစ်မှုထမ်းခိုင်းထားသော တပ်သားသစ်များလည်း ပါဝင်နေခြင်းရှိသည်။

ထို့အတူ စစ်အုပ်စု၏ထိန်းချုပ်မှုအောက်မှစွန့်ခွာ၍ KNLA ထံ ခိုလှုံသွားသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပေါ်လျက်ရှိရာ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၁) ဦး လက်နက်နှင့်တကွ တပ်မဟာ (၄) KNLA၊ တပ်ရင်း (၁၁) ထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။