Home သတင်း ကျောက်ခက်မှ ကျားဖြန့်လုပ်သားများ ဆုံဆည်းမြိုင်သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေ

ကျောက်ခက်မှ ကျားဖြန့်လုပ်သားများ ဆုံဆည်းမြိုင်သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေ

14
Photo: AFP & Reuters

ဇူလိုင် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်သူ နိုင်ငံခြားသား ထောင်နှင့်ချီမှာ ယမန်နေ့ ဇူလိုင်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်နယ်မြေ ဆုံဆည်းမြိုင်သို့ ပြောင်းရွှေ့နေကြကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းအရင်းအမြစ်များမှ သိရသည်။

မြဝတီတောင်ပိုင်းကို လေကြောင်းရန်အကြီးအကျယ် ခြိမ်းခြောက်နေသည့်စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း ကျောက်ခက်ဒေသဘက်တွင်ပါ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တရုတ်လူမျိုးအများစုပါဝင်သော နိုင်ငံခြားသားများ နေရာပြောင်းရွှေ့နေကြခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“မနေ့ကလည်း တစ်နေ့လုံး၊ ဒီနေ့လည်းတစ်နေ့လုံးပဲ ထောင်ချီရှိတယ်။ လေယာဥ်လာတိုက်ခိုက်တဲ့အပေါ်မှာ ကျောက်ခက်ဘက်ကတက်လာတာ သေ့ဘော်ဘိုးတို့ ဆုံဆည်းမြိုင်တို့ တောက်လျှောက်ပဲ။ လမ်းဘေးမှာနေကြတာလည်း အများကြီးပဲ။ သူတို့ကားနဲ့သူတို့သွားတာရှိသလို တာဝန်ရှိသူက ပို့တာလည်းရှိတယ်” ဟု ရာမတီး/မြဝတီမြို့နယ်နေ အမည်မဖော်လိုသူက ပြောသည်။

ထို့အပြင် မြဝတီတောင်ပိုင်းနယ်စပ်နေ စစ်ရှောင်အချို့ပြောပြချက်အရ ယနေ့ ဇူလိုင်(၂၃)ရက်နေ့တွင်လည်း စစ်အုပ်စုဘက်က အဆိုပါကျောက်ခက်ဒေသသို့ လေကြောင်း တိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ပြီး ထိခိုက်သေဆုံးသူများရှိနေသည်။ ယင်းကြောင့် အချို့မှာ ထိုင်းဘက်သို့ ထွက်ပြေးရှောင်တိမ်းကြကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

မင်းလက်ပံမှ စစ်ရှောင်လာသူအမျိုးသားတစ်ဦးက “လေယာဥ်ကလာပြီဆို တစ်နေ့ကိုသုံးလေးစီးပဲ။ ပြီးတော့ တစ်နေရာတည်းကြဲတာမဟုတ်ဘူး။ ဟိုဘက်ကြဲပြီး ဒီဘက်လာကြဲတယ်။ ကျောက်ခက်ဘက်က လူတွေကတော့ ရှမ်း(ထိုင်း)ရွာတွေကိုကူးနေကြတယ်” ဟု ကေအိုင်စီကို ယနေ့မွန်းလွဲပိုင်းတွင်‌ ပြောသည်။

ဆုံဆည်းမြိုင်နှင့် (၁၆)ကီလိုမီတာဝန်းကျင်သာ ဝေးသည့် ကျောက်ခက်ဒေသသည် DKBA ထိန်းချုပ်ထားသည့်နေရာတစ်ခုလည်းဖြစ်၍ ကျားဖြန့်လုပ်ငန်းများလည်ပတ်နေခြင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလတွင် ဆုကြေးငွေထုတ် သတင်းပေးလိုသည့်စာရင်းအထိ ပါဝင်နေခြင်းရှိသည်။

Photo: AFP & Reuters

ထို့နောက်တွင် ကျားဖြန့်အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အာရုံစိုက်လာသည့် အမေရိကန်၏ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)နှင့် ထိုင်းအစိုးရအာဏာပိုင်တို့ သတင်းအချက်အလက်ဝေမျှမှုအပေါ် ထိုင်းနိုင်ငံအတွင်း တွေ့ဆုံပြောဆိုခဲ့ကြကြောင်းလည်း ထိုင်းမီဒီယာအချို့ ဖော်ပြချက်အရ သိရသည်။

လက်ရှိ ကျောက်ခက်ဒေသမှကျားဖြန့်များ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ BBC ၏ ဇူလိုင်လ(၂၂)ရက်နေ့ သတင်းတွင်မူ ကျောက်ခက်ရွာမှကျားဖြန့်လုပ်ငန်းများ ဇူလိုင်လ(၂၈)ရက်နေ့မတိုင်ခင်အထိ ထွက်ခွာကြရန် DKBA ဘက်က အမိန့်ထုတ်ညွှန်ကြားထားသည်ဟု ဖော်ပြသည်။

ကျောက်ခက်တွင်လေယာဥ်ဗုံးကြဲခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်သတင်းနှင့် ကျားဖြန့်လုပ်ငန်းများပြောင်းရွှေ့မိန့်ထုတ်သည့်အပေါ် DKBA အဖွဲ့ တာဝန်ရှိသူများသို့ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အကြိမ်ကြိမ် ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ(၉)ရက်နေ့ကလည်း စစ်အုပ်စုနှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းရှိသည်။

ထိုပွဲတွင် စစ်အုပ်စုဘက်က DKBA အနေဖြင့် ကျားဖြန့်တိုက်ဖျက်ရေးကိစ္စများတွင် မပတ်သက်ရန်၊ ဝေါလေ၊ ကျောက်ခတ်နှင့်ဘုရားသုံးဆူတို့တွင် ကျားဖြန့်ကင်းစင်ရေး လုပ်ဆောင်ရန်၊ ကရင်ပြည်နယ်ရှိတိုက်ပွဲများအတွင်း ပူးပေါင်းပေးရန် ပြောဆိုခဲ့ကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းမှဖော်ပြချက်အရ သိရသည်။