ဇူလိုင် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဘုံသဘောတူညီချက် (၅) ရပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသည့် စစ်အုပ်စုအား နေရာပေး၊ ထိတွေ့ဆက်ဆံခြင်းဖြင့် နိုင်ငံတကာတွင် တရားဝင်မှုပေးနေခြင်းကို ရပ်တန့်ရန် အာဆီယံအဖွဲ့ဝင်အစိုးရများကို Justice for Myanmar-JFM က ဇူလိုင်လ(၁၅)ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည်။
အာဏာသိမ်းထားသည့်ကာလအတွင်း အာဆီယံ၏ဘုံသဘောတူညီချက်(၅)ချက်ကို အလေးမထားဘဲ စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ရာဇဝတ်မှု တိုးမြှင့်လုပ်ဆောင်ခဲ့သော်လည်း ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူ တို့လို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ရာဇဝတ်မှုနှင့်ဆက်နွယ်နေသည့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေဆဲဖြစ်ကြောင်း JFM က ဖော်ပြသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၂)ရက်နေ့ကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စစ်အုပ်စုကိုယ်စားလှယ်နှင့် အလွတ်သဘောတွေ့ဆုံမှုရှိခဲ့ရာ နိုင်ငံတကာရာဇဝတ်မှုများအတွက် အပြစ်ပေးခံရမှုမှ လွတ်မြောက်နေသည့် စစ်အုပ်စုကို အမှုဆက်လက်ကျူးလွန်ရေး အားပေးရာရောက်သည်ဟု ဆိုသည်။
ယင်းကြောင့် အာဆီယံ အဖွဲ့ဝင်အစိုးရများအနေဖြင့် စစ်အုပ်စုကို စစ်ရေးနှင့် ဘဏ္ဍာရေးအကျိုးအမြတ်များ မပေးရန်နှင့် နိုင်ငံတကာတွင် တရားဝင်မှုရရန် မြှင့်တင်ပေးနေခြင်းကို ရပ်တန့်ရမည်ဟု JFM က တောင်းဆိုသည်။
အာဆီယံသည်လည်း မြန်မာပြည်သူများနှင့်အတူရပ်တည်ရမည်ဖြစ်ပြီး စစ်အုပ်စုကို တရားဝင်မှုမပေးရန် JFM က ထပ်လောင်း တောင်းဆိုသွားသည်။
ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံ၏အစိုးရပိုင်ကုမ္ပဏီများသည် မြန်မာစစ်အုပ်စုနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် လက်တွဲလုပ်ဆောင်နေမှုရှိပြီး စစ်အုပ်စုအတွက် ဘဏ္ဍာငွေအကျိုးအမြတ်များ ရှာဖွေပေးနေကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံကလည်း စစ်တပ်ပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ မိတ်ဖက်အဖြစ်ပူးပေါင်းကာ မြန်မာပြည်သူများအပေါ် စောင့်ကြည့်ထောက်လှမ်းရေးနှင့်အခွန်ငွေများရရှိရန် အကူအညီပေးနေခြင်းရှိသည်။ စင်ကာပူနိုင်ငံတွင်မှတ်ပုံတင်ထားသော လက်နက်ပွဲစားကွန်ရက်များသည် စစ်အုပ်စုကို စစ်ရေးရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးနေကြောင်းလည်း JFM ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။
အာဆီယံအနေဖြင့်လည်း စစ်အုပ်စုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ခြင်း၊ ၂၀၂၃ ခုနှစ်က အာဆီယံလေတပ်ဦးစီးချုပ်ညီလာခံ၏ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ခြင်းဖြင့် စစ်အုပ်စုကို စစ်ရေးအားကောင်းစေပြီး နိုင်ငံတကာ၌တရားဝင်မှုကို မြှင့်တင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု JFM ထုတ်ပြန်ချက်က ဖော်ပြထားသည်။



















