Home သတင်း ထိုင်း၊ ဖိလစ်ပိုင်ဝန်ကြီးများနှင့်တွေ့ဆုံမှုသည် စစ်အုပ်စုနှင့်စေ့စပ်ညှိနှိုင်းမှု စတင်ခြင်းမဟုတ်ကြောင်း SCEF ထုတ်ပြန်

ထိုင်း၊ ဖိလစ်ပိုင်ဝန်ကြီးများနှင့်တွေ့ဆုံမှုသည် စစ်အုပ်စုနှင့်စေ့စပ်ညှိနှိုင်းမှု စတင်ခြင်းမဟုတ်ကြောင်း SCEF ထုတ်ပြန်

12
Photo: Reuters & SCEF

ဇူလိုင် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံမှုသည် အာဆီယံ၏ဘုံသဘောတူညီချက်(၅)ရပ်ကို အကောင်အထည်ဖော်မှုနှင့် နိုင်ငံ၏အသွင်ကူးပြောင်းရေးအတွက် အမြင်ချင်းဖလှယ်သည့်သဘော တွေ့ဆုံမှုသာဖြစ်ပြီး စစ်အုပ်စုနှင့်တရားဝင်ဆွေးနွေး၊ ညှိနှိုင်းမှုမဟုတ်ကြောင်း SCEF က ယ‌နေ့ ဇူလိုင်လ(၁၅)ရက်တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) တို့ပါဝင်သော SCEF ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အိမ်ရှင်အဖြစ်ကျင်းပသော ဆွေးနွေးပွဲတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၎င်းတွေ့ဆုံမှုသည် အာဆီယံနှင့်သာသီးသန့်ဖြစ်ပြီး စစ်အုပ်စုကိုယ်စားလှယ်များနှင့်ပူးတွဲတွေ့ဆုံမှုမဟုတ်သလို စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး တရားဝင်ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က ဆိုသည်။

ထို့အပြင် အာဆီယံဘုံသဘောတူညီချက်(၅)ချက်ကို ကြေညာနေရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးခြင်း၊ လူသားချင်းစာနာမှုအကူအညီများ အပြည့်ဝပေးနိုင်ခြင်းနှင့် အကြမ်းဖက်မှု လျော့ချနိုင်ရေးတို့အတွက် လက်တွေ့လုပ်ငန်းစဥ်များဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလည်း SCEF က ထုတ်ပြန်ချပ်တွင် တိုက်တွန်းထားသည်။

တဖက်တွင် မြန်မာစစ်အုပ်စုက ဖော်ပြအချက်များကို လိုက်နာမှုမရှိသလို ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်နေရုံသာဖြစ်၍ ငြိမ်းချမ်းလိုသောစိတ်ဆန္ဒအမှန် မရှိဟု ဆိုသည်။

Photo: Reuters & SCEF

ယင်းအပြင် ပြောင်းလဲလာသည့်မြန်မာ့နိုင်ငံရေးအခြေအနေအရ အုပ်ချုပ်ရေးအာဏာက စစ်အုပ်စုလက်ဝယ်မရှိတော့ဘဲ ပြည်နယ်၊ ဒေသအလိုက် ကိုယ်စားပြုအာဏာပိုင်များက အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေးလုပ်ဆောင်နေကြပြီး အာဆီယံအနေဖြင့် ၎င်းတို့ကိုအသိအမှတ်ပြုဆက်ဆံရမည်ဖြစ်ကြောင်း SCEF က ထောက်ပြသည်။

SCEF အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေသတွင်းနှင့်နိုင်ငံတကာမိတ်ဖက်တို့၏ ပံ့ပိုးကူညီမှုကို ကြိုဆိုသော်လည်း နိုင်ငံအသွင်ကူးပြောင်းရေး၏ ဦးတည်ချက်နှင့် ရလဒ်များကို ဆုံးဖြတ်ပိုင်ခွင့်က မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားစုများတွင်သာရှိသည်။ ယင်းကြောင့် ရလဒ်များကိုကြိုတင်ဆုံးဖြတ်ထားခြင်းနှင့် တွန်းအားပေးခြင်းတို့ မလုပ်သင့်ကြောင်း ဖော်ပြသည်။

ထို့အတူ စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်၍ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် SCEF သည်လည်း ဆက်လက်ရပ်တည်ပူးပေါင်းသွားမည်ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH တို့လည်း ပါဝင်သည့် SCEF ကို တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်ရွယ်၍ မတ်လ(၃၀)ရက်နေ့က ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်တွင်းအင်အားစုများနှင့် ဆက်တိုက်တွေ့ဆုံနေခြင်းရှိသည်။