Home သတင်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသရွေ့ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန် အာဆီယံကို KPSN တိုက်တွန်း

အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသရွေ့ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန် အာဆီယံကို KPSN တိုက်တွန်း

24
Photo: KPSN

ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများအားလုံးကို လက်တွေ့ရပ်တန့်ပြနိုင်ခြင်းမရှိသရွေ့ ၎င်းတို့နှင့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမျှ မပြုလုပ်ရန် အာဆီယံနိုင်ငံများကို ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်-KPSN က ယ‌နေ့ ‌ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စုတို့၏ တွေ့ဆုံမှုအတွင်း စစ်အုပ်စုဘက်က အာဆီယံတူညီဆန္ဒ ၅ ချက် (Five-Point Consensus) ကို ဆက်လက်ဆုပ်ကိုင်ထားကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အကြမ်းဖက် စစ်ရေးလှုပ်ရှားမှုများကိုသာ တိုးမြှင့်လုပ်ဆောင်နေသည်ဟု KPSN က ဆိုသည်။

ထို့အပြင် အာဆီယံဝန်ကြီးများနှင့် စစ်အုပ်စု ကိုယ်စားလှယ်တို့၏ အလွတ်သဘောဆွေးနွေးပွဲ မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ တယ်ဂေါ်ကျိုးကျေးရွာသို့ ဗုံး ၄ လုံး ကြဲချပြီး လေယာဉ်ဖြင့် ၂၆ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်၊ ၁၉ နှစ်နှင့် ၄၁ နှစ်အရွယ်ရှိ အမျိုးသား ၃ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး၊ စပါးကျီနှင့် ဆိုင်ကယ်များ လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူးမြို့နယ်ရှိ လွယ်ကတော၊ ဟဲအောင်၊ ရှဲဒေးနှင့် မောပူ စသည့်ကျေးရွာများအတွင်းသို့ စစ်အုပ်စု၏ Y-12 ယာဉ်တစ်စင်းက ဗုံး ၂၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၆၅ နှစ်နှင့် ၅၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း KPSN က ဆိုသည်။

Photo: KPSN

KPSN ၏ ပြောခွင့်ရ ‌နော်ဝါးခူရှီးက “စစ်တပ်ရဲ့ လုပ်ရပ်တွေက ဆန့်ကျင်ဘက်ဦးတည်ရာကို သွားနေချိန်မှာ မြန်မာပြည်သူတွေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုလုပ်ပြီး စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်နိုင်ပါ့မလဲ” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

၎င်းအပြင် ယခုလို အရပ်သားများအပေါ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည့် ဖြစ်စဥ်တိုင်းသည် ယုံကြည်မှုကို ပိုမိုပျက်ပြားစေခဲ့သလို စစ်အုပ်စု၏ စစ်မှန်သည့် ငြိမ်းချမ်းရေးအပေါ် သန္နိဋ္ဌာန်မရှိမှုကို သက်သေပြနေသည်ဟုလည်း နော်ဝါးခူရှီးက ထုတ်ပြန်ချက်တွင် ဆက်လက် ပြောဆိုထားသည်။

KPSN အနေဖြင့် စစ်အုပ်စု၏ အရပ်သားပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသရွေ့ စစ်မှန်သော အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် စစ်အုပ်စု၏ နှုတ်ကတိများထက် လက်တွေ့လုပ်ဆောင်ချက်များကိုသာ အခြေခံ၍ အကဲဖြတ်သင့်ကြောင်းလည်း တောင်းဆိုထားသည်။

ထို့အတူ စစ်အုပ်စုသည် ၎င်းတို့အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို အလေးမထားသဖြင့် အရပ်သားများအပေါ် တိုက်ခိုက်နေခြင်းကို ရပ်တန့်ပြီး တူညီဆန္ဒ ၅ ချက်ကို လက်တွေ့အကောင်အထည်ဖော်နေကြောင်း သက်သေအထောက်အထား မပြနိုင်သရွေ့ စစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေး သို့မဟုတ် တရားဝင်ထိတွေ့ဆက်ဆံမှုမျိုး လုံးဝမပြုလုပ်သင့်ကြောင်း KPSN က ဆက်လက် တိုက်တွန်းထားသည်။

KPSN သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ကရင်လူထုအခြေပြု လူမှုအဖွဲ့အစည်းပေါင်း ၂၂ ခုဖြင့် ဖွဲ့စည်းထားသော အကြီးဆုံး ကရင်လူထုအခြေပြုအဖွဲ့အစည်းကွန်ရက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည့် ကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။