ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
နာမည်ကျော် ကရင်လူငယ် ရက်ပါအဆိုတော် Star Htoo သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မယ်ရမတ်မြို့နယ်ရှိ နယ်စပ်လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုတွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။
အဆိုပါ ရက်ပါအဆိုတော်အား နယ်စပ်လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးစဉ် ဘိန်းဖြူ (Heroin) ၁၂.၈၈ ဂရမ်ခန့်ကို ၎င်းနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပုံနှင့်တကွ ပျံ့နှံ့လျက်ရှိသည်။
လက်ရှိတွင် ၎င်းအား မယ်ရမတ်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားပြီးဖြစ်သော်လည်း ထိုင်းတာဝန်ရှိသူများဘက်မှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
အသက် ၂၅ နှစ်အရွယ်ရှိ Star Htoo သည် နယ်စပ်ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့အခြေချကာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံ၌ အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေသူဖြစ်ပြီး အင်္ဂလိပ်ဘာသာအပြင် ကရင်ဘာသာစကားဖြင့် သီချင်းများစွာ သီဆိုလေ့ရှိသောကြောင့် ကရင်လူငယ်များကြားတွင် ရေပန်းစား လူကြိုက်များသည့် ရက်ပါအဆိုတော်တစ်ဦးဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို သိရှိနိုင်ရန်အတွက် ကေအိုင်စီအနေဖြင့် Star Htoo နှင့် နီးစပ်သည့်အသိုင်းအဝိုင်းများထံ ဆက်သွယ်စုံစမ်းလျက်ရှိသည်။




















