Home သတင်း ပဋိပက္ခဒေသများ၌ အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု (၆၂) ရာခိုင်နှုန်းသာရှိဟု UNDP နှင့် UN Women ထုတ်ပြန်

ပဋိပက္ခဒေသများ၌ အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု (၆၂) ရာခိုင်နှုန်းသာရှိဟု UNDP နှင့် UN Women ထုတ်ပြန်

11
Photo: UNDP

ဇူလိုင် ၁၅ ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏ ပဋိပက္ခပြင်းထန်သည့် ဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ (၆၂) ရာခိုင်နှုန်းသာရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်- UNDP နှင့် UN Women တို့က ယနေ့ ဇူလိုင်လ (၁၅) ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါစစ်တမ်းအရ ပဋိပက္ခမရှိသော သို့မဟုတ် ပဋိပက္ခနည်းပါးသော ဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ အမျိုးသားများကဲ့သို့ နည်းတူရှိနေသော်လည်း ပဋိပက္ခဒဏ်ခံရသည့် ဒေသများတွင်မူ အမျိုးသားများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ (၈၂) ရာခိုင်နှုန်းအထိရှိနေပြီး အမျိုးသမီးများနှင့် ကွာဟချက်မှာ သိသာထင်ရှားစွာ မြင့်တက်နေကြောင်း ဖော်ပြပါရှိသည်။

ပဋိပက္ခသည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းကို တိုက်ရိုက်ထိခိုက်စေသည့်အပြင် မိသားစုစီးပွားရေး ရပ်တန့်သွားချိန်တွင် အမျိုးသမီးများအနေဖြင့် အခက်အခဲများကြားမှ လက်တွေ့ ကျသည့် ဖြေရှင်းနည်းလမ်းများကို အားထုတ်ရှာဖွေနေရကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားသည်။

“အမျိုးသမီးများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဆိုပါက ၎င်းတို့သည် အကြပ် အတည်းများကြားမှ ရှေ့ဆက်နိုင်မည့် လမ်းကြောင်းကို ဖော်ဆောင်နိုင်သူများ ဖြစ်ကြသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ (၇၈) ရာခိုင်နှုန်းသည် မိသားစုပြုစုစောင့်ရှောက်ရေး တာဝန်များကြောင့် စီးပွားရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်မှု ကန့်သတ်ခံနေရကြောင်း၊ အမျိုး သမီးများသည် ဝင်ငွေရရှိမည့် အလုပ်ကို လုပ်ကိုင်ရန် ကြိုးပမ်းချိန်၌ အခကြေးငွေရရှိသော အလုပ်နှင့် အခကြေးငွေမရသည့် မိသားစုတာဝန်ကို ရွေးချယ်ရသည့် အခြေအနေမျိုးနှင့် အမြဲကြုံတွေ့နေရပြီး အများစုမှာ မိသားစုတာဝန်ကိုသာ ဦးစားပေးနေရကြောင်း စစ်တမ်းက ဖော်ပြသည်။

UNDP နှင့် UN Women ၏ ယခုအစီရင်ခံစာသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူပေါင်း (၅,၄၀၀) ကျော်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ကျားမရေးရာ စံနှုန်းများ၊ အခကြေးငွေမရရှိသည့် အိမ်တွင်းမှုလုပ်ငန်းများနှင့် ပဋိပက္ခအတွင်း လတ်တလော အခြေအနေများအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။

ယခု အစီရင်ခံစာတွင် အလုပ်အကိုင်၊ ဝင်ငွေရရှိမှုနှင့် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ ကွာဟချက်များသည် ပဋိပက္ခဒေသများတွင် ပိုမိုကျယ်ပြန့်လာနေကြောင်း သတိပေးထားသည်။