Home တွေ့ဆုံမေးမြန်းခန်း KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းချက်

KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းချက်

24

“ကျနော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးက မရှိမဖြစ် သေရေး၊ ရှင်ရေးတမျှ အရေးကြီးတဲ့ အရာဖြစ်တယ်” – ဗိုလ်မှူးကြီး စောကျော်ညွန့်

KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းချက်

ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် အဓိကဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့် ရရှိခဲ့သော သဘောတူညီချက်များအား သိရှိနိုင်ရန်အတွက် KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး – နေပြည်တော်မှာ ဗိုလ်ချုပ်အရာဖြစ် ဦးဆောင်တဲ့ ဒီငြိမ်းချမ်းရေး ဖော်ဆောင် မှုညှိနှိုင်း ရေးကော်မတီ (NSPNC) နဲ့ KNU/KNLA-PC တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့ကြလဲခင်ဗျာ။
ဖြေ – တွေ့ဆုံမှု ဖြစ်ပေါ်လာရတဲ့ နောက်ခံအကြောင်းကတော့ ဆရာတို့လည်း သိရှိပြီးသား ဖြစ်မှာပါ။ ဧပြီလ ၂၁ ရက်နေ့တုန်းက ဒီအစိုးရအသစ်အနေနဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှု ရှိပါတယ်။

ဘာကြိုတင်ကန့်သတ်ချက်တွေ မထားဘဲနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဖို့ ဖိတ်ခေါ်ပုံ၊ ဖိတ်ခေါ်နည်းက နှစ်မျိုးရှိပါတယ်။ ကျနော်တို့ 7 EAO Alliance ကို စုပေါင်းဖိတ်ခေါ်တာလည်း ရှိသလို၊ တစ်ဖွဲ့ ချင်းစီကိုလည်း ဖိတ်ခေါ်တာ ရှိပါတယ်။

အခုတွေ့ဆုံပွဲကတော့ ကျနော်တို့ တစ်ဖွဲ့ချင်းစီ ဖိတ်ခေါ်တဲ့အပေါ်မှာ သွားရောက်တွေ့ဆုံတဲ့ တွေ့ဆုံခြင်း ဖြစ်ပါတယ်။ တွေ့ဆုံမှုအနေနဲ့ Agenda ထူးထူးခြားခြားတော့ မရှိပါဘူး။ Bilateral တွေ့ဆုံမှုရဲ့ သဘောသဘာဝအရ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စရပ် တစ်ခုကို ကျနော်တို့ ပြောဆိုဖြစ်တယ်။ နောက်တစ်ချက်ကတော့ လက်ရှိ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ပြန်လည်စတင်လို့ အဆင်ပြေနိုင်မလဲဆိုတာ သူ့ဘက်ကအမြင်၊ ကိုယ့်ဘက်ကအမြင် အပြန်အလှန် တင်ပြဆွေးနွေးမှု ရှိတဲ့ တွေ့ဆုံမှုအခင်းအကျင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

မေး – ဒုတိယမေးခွန်းအနေနဲ့ ဒီဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကဆွေးနွေးခဲ့တယ်ဆိုတော့ ဘာတွေ သဘောတူညီချက် ရယူနိုင်ခဲ့လဲခင်ဗျာ။
ဖြေ – ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ပြန်လည်စတင်နိုင်မလဲဆိုတဲ့ အစပျိုးမှုပါပဲ။ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့လတုန်းကလည်း ကျနော်တို့ 7 EAO Alliance ရဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ စုပေါင်းပြီးတော့ တွေ့ဆုံပွဲ ပြီးသွားပြီပေါ့ဗျာ။ ဒီပွဲကတော့ တစ်ဖွဲ့ချင်းစီကို ဖိတ်တဲ့အပေါ်မှာ Bilateral အရ တွေ့ဆုံမှု လုပ်တဲ့အခင်းအကျင်းပဲ ဖြစ်ပါတယ်။

အကြောင်းအရာတွေကတော့ ဒီဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စ တစ်ခုပါမယ်။ ပြီးတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ပြန်လည်စတင်ရနိုင်မလဲဆိုတဲ့ သူ့အမြင်၊ ကိုယ့်အမြင် တင်ပြပြောဆိုမှုတွေ ရှိပါတယ်။ ကျနော်တို့ အခုမှ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ပြီးတော့ အစပျိုးဖို့ ကြိုးပမ်းနေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် ခုနက ဆရာမေးသလိုမျိုး ဆုံးဖြတ်ချက် ချမှတ်တာတို့၊ သဘောတူညီချက် ယူတာတို့ဘာတို့ အဆင့်ထိတော့ ကျနော်တို့ မလုပ်နိုင်ပါဘူး။ အရင်က ကျနော်တို့ လုပ်နေကျအတိုင်းပဲ အစည်းအဝေး တွေ့ဆုံမှုအခင်းအကျင်းမှာ ရရှိနိုင်တဲ့ နှစ်ဖက်အမြင်သဘောထားတွေကို ကျနော်တို့ မှတ်တမ်းတင်ထားရှိတဲ့ အစည်းအဝေး မှတ်တမ်းလောက်ပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။

ဆိုတော့ အချက်အလက်တွေကတော့ တစ်ဖွဲ့ချင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေလည်း ပါသလို၊ ဥပမာ- နယ်မြေတည်ငြိမ်ငြိမ်းချမ်းရေးကိစ္စရပ်နဲ့ ဆက်စပ်ပြီးတော့ ကိုယ့်နယ်မြေထဲမှာ လိုအပ်နေတဲ့ ပြည်သူလူထုရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဥပမာအားဖြင့် ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ကိုယ့်အဖွဲ့ အစည်းအတိုင်းအတာနဲ့ လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း ရှိပါတယ်။ ပြီးတော့ စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ကာလမှာ ကျနော်တို့ဒေသထဲမှာ ရောက်ရှိလာတဲ့ စစ်ဘေး ရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်အောင်ဆိုတာမျိုးတွေလည်း ကျနော်တို့ တင်ပြမှုတွေ ရှိပါတယ်။ သဘောတူညီချက်အနေနဲ့ မဟုတ်ပေမယ့်လည်း ကိုယ့်ဘက်က လိုအပ်ချက်တွေကို ညှိနှိုင်းပြီးတော့ သူ့ဘက်ကသဘောထား၊ ကိုယ့်ဘက်ကသဘောထားကို အပြန်အလှန် မှတ်တမ်းတင်ထားတာမျိုး ရှိပါတယ်။

မေး – အရင်က NSPNC နဲ့ တွေ့ဆုံတဲ့အခါမှာ 7 EAO Alliance အနေနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်။ အခုတော့ တစ်ဖွဲ့တည်း သီးသန့်တွေ့တာဆိုတော့ ဒီတွေ့ဆုံမှုက ဘာတွေ ကွာခြားသွားလဲ၊ ဘာတွေ ကွဲပြားသွားလဲခင်ဗျ။
ဖြေ – ကျနော်တို့နိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းက သာမန်အခြေအနေ မဟုတ်ဘူး။ တော်တော်လေးကို လက်နက်ကိုင်ပဋိပက္ခတွေက ကြီးမားကျယ်ပြန့်ပြီးတော့ နက်ရှိုင်းတဲ့ ဒီလိုအခြေအနေမျိုး တစ်ခုအောက်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူးလေ။ သူ့ရဲ့ ပထဝီနယ်မြေအနေအထား၊ သူ့ရဲ့ နိုင်ငံရေးသမိုင်းနောက်ခံ စသည်ဖြင့် အဲ့လိုမျိုး ကွဲပြားမှုတွေရှိတဲ့အပေါ်မှာ ဒီ EAO တစ်ဖွဲ့ချင်းစီနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ကလည်း အခြေခံကျတယ်၊ ခရာကျတယ်လို့ ကျနော်တို့ကတော့ မြင်တာပေါ့ဗျာ။

အဲ့ဒါကြောင့် ခုနက ဆရာပြောသလိုမျိုး စုပေါင်းတွေ့ဆုံတာနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံတာနဲ့ ဘယ်လိုကွာခြားမှုရှိသလဲဆိုတော့ အများကြီးမဟုတ်ပေမယ့်လည်း သူ့ရဲ့ အနှစ်သာရ အရသော်လည်းကောင်း၊ သူ့ရဲ့ အကြောင်းအရာတွေကို အသေးစိတ် ပြောဆိုဆွေးနွေးတဲ့ ကိစ္စရပ်မှာသော်လည်းကောင်း ကွဲလွဲမှုတော့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်းစီ တွေ့ဆုံနေတဲ့ တွေ့ဆုံပွဲတွေကတော့ ကိုယ့်ရဲ့ တစ်ဖွဲ့ချင်းစီနဲ့ဆိုင်တဲ့ Personal issues တွေပေါ့။ အဲ့ဒါတွေကို ကျနော်တို့က လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်၊ အဲ့ဒါတွေကတော့ ထူးခြားမှုတစ်ခုပေါ့လေ။ ဒီလိုမျိုး စုပေါင်းတွေ့ဆုံတဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အခြေအနေတွေက မတူကြဘူး။

အဲ့ဒီအပေါ်မှာ စုပေါင်းတွေ့ဆုံတဲ့ပွဲမှာတော့ ကျနော်တို့က အများအားဖြင့် ပြည်ထောင်စုနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ရှေ့တန်းတင်ပြီးတော့ ဦးစားပေး ပြောဆိုနိုင်ကြတယ်ဆိုပေမယ့်လည်း ဒီလိုမျိုး Bilateral တွေ့ဆုံမှုမှာက တစ်ဖွဲ့ချင်းစီနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေ စသည်ဖြင့် အဲ့ဒီကိစ္စရပ်တွေကိုတော့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်တဲ့ အားသာချက်တော့ ရှိပါတယ်ခင်ဗျ။

မေး – NSPNC ကို 7 EAO Alliance အနေနဲ့ တွေ့ဆုံစဉ်က မဆွေးနွေးဖြစ်ခဲ့တဲ့ ဘယ်လို အကြောင်းအရာတွေကို ခုလို သီးသန့်တွေ့ဆုံတဲ့အချိန်မှာ ဆွေးနွေးဖြစ်ခဲ့လဲဆိုတာတွေကို ပြောပြပေးလို့ရသလောက် ပြောပြပေးပါဦးခင်ဗျ။
ဖြေ – ဒီလိုမျိုး Bilateral တွေ့ဆုံမှုကျတော့ တစ်ဖွဲ့ချင်းစီမှာ တွေ့နေရတဲ့ မတူညီတဲ့ အခက်အခဲ၊ ပြဿနာတွေ အဲ့ဒါတွေလည်း ရှိကြမှာပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့ တူကြမှာမဟုတ်ဘူး။ အဲ့လိုမျိုး Bilateral တွေ့ဆုံမှုကတော့ ကျနော်တို့ တစ်ဖွဲ့ချင်းစီနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အဓိက ပြောဖြစ်တယ်။ အဓိကဆိုတော့ နံပါတ် (၁) ကတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကတော့ အဓိကကျတာပေါ့။ ကျနော်တို့ ဒီဒေသအနေနဲ့ဆိုရင်လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ကင်းလွှတ်လို့ မရပါဘူး။ ဒီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်လို့ပဲ ခေါ်ခေါ်၊ လက်နက်ကိုင်ပဋိပက္ခလို့ပဲ ခေါ်ခေါ် ကျနော်တို့အနေနဲ့လည်း ဒီနိုင်ငံမှာရှိနေတဲ့ Unit တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအပေါ်မှာ အနည်းနဲ့အများတော့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း ရိုက်ခတ်မှုတွေ ရှိတယ်၊ ရှောင်လွဲလို့ မရပါဘူး။

လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆိုတာကတော့ ကျနော်တို့ အမြဲတမ်း ပြောဆိုကြမယ်၊ ပြောဖို့လည်း နှစ်ဖက်စလုံးက အာသီသရှိတယ်ဆိုတာကိုတော့ ကျနော်တို့ ဒီ Bilateral တွေ့ဆုံမှုပဲဖြစ်ဖြစ်၊ စုပေါင်းပြီးတော့ တွေ့ဆုံမှုပဲဖြစ်ဖြစ် အဲ့ဒီ NSPNC ညှိနှိုင်းရေး ကော်မတီအနေနဲ့ကတော့ ကျနော်တို့ အစဉ်အလာအရ ခုနက သူ့အမြင်၊ ကိုယ့်အမြင် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ အခင်းအကျင်းကတော့ ရှိပါတယ်။

မေး – ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရေးအတွက် ဆွေးနွေးခဲ့တာတွေရော ရှိလားခင်ဗျ။ ဘာတွေ သဘောတူညီမှုတွေရော ရယူနိုင်ခဲ့လဲ။
ဖြေ – သီးသန့် Issue တစ်ခုအနေနဲ့ ကျနော် Agenda ထဲမှာ ထည့်ထားတာ မဟုတ်သော်လည်းပဲ ဆက်စပ်ပြီးတော့ ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တာ မှန်ပါတယ်။ ကျနော်တို့ အဲ့ဒီဒေသတည်ငြိမ်ရေးကိစ္စ ပြောလို့ရှိရင်လည်းပဲ ထိုင်း-မြန်မာ ကုန်သွယ်ရေး၊ အာရှလမ်း စသည်ဖြင့်ပေါ့လေ ဒါတွေကတော့ ဆက်စပ်ပြီးတော့ ပါလာတာ ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အဖွဲ့အစည်းအခြေအနေနဲ့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ နယ်စပ်တွေ၊ ဥပမာ- မြဝတီမြို့မှာလိုမျိုး အခြေချနေထိုင်တာလည်း မဟုတ်ဘူး။

ပြီးတော့ အထဲမှာလည်း ကျနော်တို့ ထို့ကော်ကိုးဌာနချုပ်ဆိုရင် အဲ့ဘက် တော်တော်ကျတယ်လေ။ ထိုင်း-မြန်မာကုန်သွယ်ရေးဆိုရင် G to G (Government to Government) လုပ်ရမယ့် ကြီးကြီးမားမား လုပ်ငန်းရပ်တွေအပေါ်မှာကတော့ အဲ့ဒါကို ကြိုတင်ပြင် ဆင်ပြီးတော့ တင်ပြပြောဆိုတာတို့ ဆွေးနွေးမှုတို့ဘာတို့ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဆက်စပ်ပတ်သက်မှုတော့ ရှိတာပေါ့။ တစ်ဖက်ကတော့ ဥပမာ- ဒေသတည်ငြိမ်အေးချမ်းရေးရှိမှပဲ ထိုင်း-မြန်မာ ကုန်သွယ်ရေး အာရှလမ်းကို ဖွင့်ပြီးတော့ ဒီနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ပွင့်လာ နိုင်မယ့် အမြင်တွေ၊ ရှုထောင့်တွေကတော့ သူတို့ဘက်က အမြင်တွေလည်း တင်ပြတာရှိသလို ကျနော်တို့ဘက်ကလည်း လက်လှမ်းမီသလောက်ပေါ့လေ ပြန်လည်ပြီးတော့ ဖြည့်စွက်ပြောဆိုဆွေးနွေးတာတို့၊ လက်ရှိ ပကတိအခြေအနေအရ ကျနော်တို့ဒေသတွေမှာရှိတဲ့ အခြေအနေနဲ့ ခုနက G to G လုပ်နေမယ့် ဒီကုန်သွယ်ရေးလုပ်ငန်းတွေအပေါ်မှာ ဖြစ်နိုင်ချေ၊ အခက်အခဲ စသည်ဖြင့်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ပြောဆိုမှုက အဓိကအကြောင်းအရာ တစ်ခုမဟုတ်ပေမယ့်လည်း ဆက်စပ်ပတ်သက်မှုအရတော့ ပြောဖြစ်ဆိုဖြစ်တာတော့ ရှိပါတယ်ခင်ဗျ။

မေး – ဆရာ အခုထိ ဖြေသွားသလိုဆိုရင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ နားလည်ရတယ်ပေါ့နော်။ ဆိုတော့ ဒီဒေသတွင်း တည်ငြိမ်အေး ချမ်းရေးနဲ့ပတ်သက်ပြီး ဘာတွေ သဘောတူညီချက် ရယူနိုင်ခဲ့လဲခင်ဗျ။
ဖြေ – ကျနော်တို့နိုင်ငံအတွက်ကတော့ ဒါငြိမ်းချမ်းရေးက မရှိမဖြစ်၊ သေရေးရှင်ရေးသမျှ အရေးကြီး တဲ့အရာတစ်ခု ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။ အဲ့ဒီငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့လည်း ဆက်စပ်ပြီးတော့ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင်ပဲ ကျနော်တို့အနေနဲ့ ဒေသတစ်ခု ငြိမ်းချမ်းရေး၊ လူမျိုးတစ်မျိုး ငြိမ်းချမ်းရေးဆိုတာထက် ဟိုးအရင်တုန်းက ကျနော်တို့ ပြောပြောနေကျ ပြည် ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာလျှင် ကျနော်တို့ ဒေသတစ်ခုအတွက်ပဲဖြစ်ဖြစ်၊ လူမျိုး တစ်မျိုးအတွက်ပဲဖြစ်ဖြစ် ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို ကျနော်တို့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်မို့ ကျနော်တို့က ဒီဒေသတွင်း တည်ငြိမ်အေးချမ်းရေးကနေစပြီးတော့ ကျနော်တို့ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ ဒီနိုင်ငံမှာ လက်ရှိကြုံ တွေ့နေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ပြည်တွင်းစစ်လို့ပဲ ပြောမလား၊ တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့အစည်းကြားထဲမှာလည်း ရှိတဲ့ ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အဖွဲ့အသစ်တွေ အများကြီးပါပဲ။ အင်မတန် ခက်ခဲပါတယ်၊ အင်မတန် ကျပ်တည်းပါတယ်၊ တော်တော်လေး စိန်ခေါ်မှုတွေ ကြီးမားတယ်ဆိုတာကိုတော့ ကျနော်တို့ အကုန်လုံး သိရှိပြီးသား ဖြစ်ပါတယ်။

ဒီဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စရပ်ကလည်း အခြေခံကျတယ်ဆိုပေမယ့်လည်း ကျနော်တို့ရဲ့ တင်ပြပြောဆိုမှုတွေက ကျနော်တို့ ဒေသလေးတစ်ခုလုံး တည်ငြိမ်ရုံလေးနဲ့၊ ကျနော်တို့ နယ်မြေတစ်ခုလုံး အေးချမ်းရုံလေးနဲ့ ကွက်ပြီးတော့ ကျနော်တို့ တင်ပြပြောဆိုမှုတော့ မဟုတ်ပါဘူး။ အဲ့ဒီကနေ အခြေခံပြီးတော့ ကျနော်တို့ အခု မရှိမဖြစ် အမှန်တကယ် လိုအပ်နေတဲ့ တစ်နိုင်ငံလုံး ပြဿနာတွေကို ဖြေရှင်းနိုင်လောက်တဲ့ တွေ့ဆုံမှု၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာနိုင်မယ့် နည်းလမ်းတွေကလည်းပဲ ဆက်စပ်ပတ်သက်မှုအရတော့ ကျနော်တို့ ပြောဆိုဆွေးနွေးခဲ့တာတွေကလည်း ရှိခဲ့ပါတယ်။

ဆိုတော့ ချုပ်ပြောလိုက်မယ်ဆိုရင်တော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးလို့ ပြောလိုက်တဲ့ ကိစ္စရပ်တွေမှာ ဒေသတစ်ခုနဲ့တစ်ခုနဲ့ မတူကြပါဘူး။ ဥပမာ- မြောက်ပိုင်းက အခြေအနေနဲ့ ကျနော်တို့အပိုင်းက အခြေအနေနဲ့ မတူပါဘူး။ ကျနော်တို့ ဒီဘက်မှာ ကရင်ပြည်နယ်လို့ပဲ ပြောကြပါစို့၊ ဥပမာ- ကျနော်တို့ ဒီဘက် (တပ်မဟာ ၇ နယ်မြေ) ဆိုလို့ရှိရင် ကျနော်တို့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အစဉ်အလာအရ ကျနော်တို့က ရောနှောပြီးတော့ နေထိုင်နေကြတာလည်း ရှိတယ်၊ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ သပ်သပ်မှတ်မှတ်လည်း ကျနော်တို့က အဲ့လိုမျိုး ခွဲခြားပိုင်းခြားထားတာလည်း မရှိတဲ့ ထူးခြားတဲ့အခြေအနေတွေ ရှိပါတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ဟန်ချက်ညီအောင် ဆောင်ရွက်နေရတဲ့ လုပ်ငန်းစဉ်တွေ၊ အခက်အခဲတွေ အဲ့ဒါတွေကိုတော့ ကျနော်တို့ ပြောဖြစ်ဆိုဖြစ်တာတော့ ရှိပါတယ်။