Home သတင်း မြဝတီမြို့အနီး တိုက်ပွဲနယ်မြေအတွင်း ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ်သား ၇ ဦးပျောက်ဆုံးနေ

မြဝတီမြို့အနီး တိုက်ပွဲနယ်မြေအတွင်း ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ်သား ၇ ဦးပျောက်ဆုံးနေ

14

ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

လတ်တလော စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့တောင်ပိုင်းတွင် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က တိုက်ပွဲနယ်မြေအတွင်း ကျွံဝင်သွားပြီးနောက် ယနေ့ ၅ ရက်မြောက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

ဖြစ်စဉ်မှာ ရာမတီး (မြဝတီ) မြို့နယ်၊ ဝါးမီထကျေးရွာက ဒေသခံလူငယ်အမျိုးသား (၇) ဦးသည် မြဝတီမြို့အနီးက မဲကနယ်-ဖလူးတောလမ်းပိုင်း (ဒေသအခေါ် ရဲကုန်းနှင့် လယ့်အော်ခါ့လမ်းပိုင်းတွင်) တိမ်းမှောက်နေသည့် ကားကို ထွန်စက်ဖြင့် သွားဆွဲကူရန် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ထွက်ခွာသွားပြီးနောက် နေအိမ်ပြန်ရောက်မလာဘဲ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်။

အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက “ အဲ့မှာက မိုးတွင်းဆို လမ်းတအားပျက်တယ်။ အဲ့ဒီမှောက်သွားတဲ့ကားကို သွားဆွဲမယ်ဆိုပြီး ဝါးမီထမှာ တစ်ညပြန်လာအိပ်သေးတယ်။ ပြီးမှ မနက်မိုးလင်းလို့ ထမင်းစားသောက်ပြီးမှ ထွန်စက်နဲ့ ၇ ယောက်သား သွားကူကြတာပေါ့။ အဲ့ဒီနေ့ သွားကတည်းက အဆက်အသွယ်မရတော့ဘူး။ သူတို့သွားတဲ့ရက် ၁၀ ရက်နေ့က စစ်တပ်စစ်ကြောင်းက အဲ့မှာရောက်နေပြီးဆိုတာကို သူတို့မသိလိုက်ဘူးဖြစ်မယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ဝါးမီထ ဒေသခံအရပ်သား (၇) ဦးမှာ အသက် ၁၄ နှစ်အရွယ် စောခါးခါး၊ အသက် ၂၀ အရွယ် စောစိန်ကုလားနှင့် စောသန်းဇော်လင်း၊ အသက် ၂၁ နှစ်အရွယ် စောအောင်ငြိမ်း ချမ်း၊ အသက် ၃၄ နှစ်အရွယ် စောမော်တော်ကား (ခေါ်) စောကျော်ဝင်းနိုင်နှင့် အသက် ၄၆ နှစ်အရွယ် စောမောင်အေးသောင်းအပြင် အသက် ၂၇ နှစ်အရွယ် ကားသမား ထားဝယ်တို့ဖြစ်ကြသည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့်ဇူလိုင်လ ၁၀ ရက်နေ့မှာပင် ဖလူး-မင်းလက်ပံကို စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းသည် ၎င်းရဲကုန်းဒေသအထိ ဝင်ရောက်နေရာယူနိုင်ပြီး ဖြစ်သောကြောင့် စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်ပြီဟုလည်း ဒေသခံများက ယူဆကြသည်။ သို့သော် ၎င်းတို့သည် အသက်ရှိလျက်ရှိနေသေးကြောင်း မိသားစုဝင်များဘက်က ယူဆနေကြဆဲဖြစ်ပြီး နီးစပ်ရာဒေသအာဏာပိုင်များကနေတစ်ဆင့် လိုက်လံစုံစမ်းသော်လည်း သတင်းအစအနပင် မရရှိကြကြောင်း ပြောသည်။

Photo: CJ

ထို့အပြင် အဆိုပါ အရပ်သားများကို စစ်တပ်က သတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဝါဒဖြန့်ထားကြောင်း People’s Spring မီဒီယာက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၇ ရက်နေ့ စစ်တပ်စစ်ကြောင်းမထိုးခင်ကတည်းက ယင်းဖြစ်စဉ်ဖြစ်ပွားသည့် လမ်းပိုင်းကို အရပ်သားကားများက ကုန်တင်ကုန်ချသယ်ယူရေးအတွက် အဓိကအသုံးပြုနေသည့် တောလမ်းကြောင်းဖြစ်သည်။ လက်ရှိမိုးတွင်းကာလ လမ်းများပျက်စီးနေသောကြောင့် ထိုလမ်းပိုင်းတွင် ပိတ်မိနေသည့် ကားအများအပြားလည်း ရှိနေသည်ဟု အခြေအနေကို သိရှိသူများက ပြောသည်။

လက်ရှိ အဆိုပါလမ်းပိုင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကတည်းက မြဝတီဘက်ကလာသည့် ယာဉ်များကို သွားလာခွင့်မပေးတော့သလို နယ်မြေခံ ကေအဲန်ယူဘက်ကလည်း လုံခြုံရေးအရ သွားလာခွင့် တားမြစ်ထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ထိုလမ်းပိုင်းတွင်ပင် စစ်ပျက်နေသည့် အရပ်သားကားတစ်စီးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များက ကူညီပေးနေစဉ် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ဖူးခဲ့သေးသည်။

လက်ရှိတွင် မြဝတီတောင်ဘက်ခြမ်းရှိ ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိရန် အာဏာသိမ်းစစ်တပ်က နယ်ခြားစောင့်တပ် (BGF) နှင့် ဗိုလ်ဘိဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် (DKBA) တို့၏ အကူအညီကိုရယူကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။