Home သတင်း ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေး

ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေး

20
Photo: CJ

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက ဇူလိုင်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ မစ်ဇိုင်းနှင့်လက်နက်ကြီးများအပါအဝင် ဂျက်တိုက်လေယာဉ်၊ Y12 များဖြင့်ပါ နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေးနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များထံမှ သိရသည်။

တကျော့ပြန်ပြင်းထန်လာသည့် ဖလူးတိုက်ပွဲအတွင်း စစ်အုပ်စုတပ်အထိနာနေပြီး ဇွန်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ အတွဲလိုက်ပစ်ဒုံး၊ ဟောင်ဝှစ်ဇာနှင့် ၁၂၀ မမ မော်တာစိန်ပြောင်းများဖြင့် မင်းလက်ပံနှင့်ဖလူးဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့နေ့လည်(၁၁)နာရီဝန်းကျင်မှ မွန်းလွဲ(၃)နာရီဝန်းကျင်တွင်လည်း လေယာဥ်ဖြင့် လာရောက်ဗုံးကြဲသွားသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ပထမရက်တွေက စစ်သားသစ်တွေတက်ဖို့ မစ်ဇိုင်းဒုံးတွေ လက်နက်ကြီးတွေအစုံပစ်တာ အလုံးတစ်ရာနီးပါးပဲ။ မြေပြင်စစ်ကြောင်းတက်တော့ ထိကြ၊ သေကြတာတွေရှိတော့ ဂျက်ဖိုက်တာရော၊ Y12 ရော လာကြဲတာ ဒီနေ့ပေါ့။ အလုံးရေများတယ်။ အခုထိတော့ ကိုယ့်ဘက်ကထိခိုက်တာမရှိဘူး” ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အတူ KNLA နှင့်ပူးပေါင်းတပ်များ ကာလရှည်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည့် စစ်အုပ်စုအထိုင်ချ ဝေါလေစစ်ဗျူဟာကုန်း မကျရေးအတွက် ယနေ့ ဇူလိုင်(၁၀)ရက်နေ့တွင် စစ်အုပ်စုက Y12 လေယာဉ်ဖြင့် တဆက်တည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဝေါလေဒေသခံများပြောပြချက်အရ သိရသည်။

Photo: CJ

ဝေါလေစစ်ဘေးရှောင်တစ်ဦးက “လေယာဉ်ကတော့ ကင်းထောက်လာရင်လာ မလာရင် ရိက္ခာလာချနေတာပဲ။ ဒီ နေ့ကတော့ ဖလူး၊ မင်းလက်ပံဘက်ရော ဝေါလေမှာရော လာကြဲသွားတယ် နှစ်ကြိမ်ပေါ့။ အထိအခိုက် တော့မသိရဘူး၊ ရပ်ကွက်တွေထဲမှာ လူတွေပြန်မနေရဲကြဘူးလေ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မြေပြင်မှချီတက်လာသည့် စစ်အုပ်စုစစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရသူများအား မြဝတီ ခြေလျင်တပ်ရင်း ခလရ-၂၇၅ တပ်ရင်းဆေးရုံနှင့် ဖားအံတောင်ကလေးဆေးရုံ သို့ ပို့ဆောင်ကုသမှုပေးထားရကြောင်း ပြည်နယ်စစ်အုပ်စုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုသည် ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ကမ်းရှိ လူထုနေထိုင်ရာကျေးရွာများနှင့်နီးကပ်လွန်းသဖြင့် အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အသံချဲ့စက်မှတဆင့် ၎င်းတို့ပြည်သူများကို တိုက်တွန်းနှိုးဆော်ခြင်းအပြင် ကူညီရွှေ့ပြောင်းမှုများလည်း လုပ်ဆောင်ခဲ့ခြင်းရှိသည်။