Home သတင်း ဖလူး-မင်းလက်ပံတိုက်ပွဲပြင်းထန်ချိန် နယ်မြေတည်ငြိမ်ရေးပူးပေါင်းပေးဖို့ DKBA ထံ စစ်အုပ်စု တောင်းဆို

ဖလူး-မင်းလက်ပံတိုက်ပွဲပြင်းထန်ချိန် နယ်မြေတည်ငြိမ်ရေးပူးပေါင်းပေးဖို့ DKBA ထံ စစ်အုပ်စု တောင်းဆို

12
Photo: Telegram

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်ဧရိယာ မြဝတီတောင်ပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပေးရန် နေပြည်တော်မှာရောက်ရှိနေသည့် DKBA ခေါင်းဆောင်များသို့ စစ်အုပ်စုက တောင်းဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် DKBA တို့ တွေ့ဆုံစည်းဝေးပွဲ၌ နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် NSPNC ဥက္ကဌ ဗိုလ်ချုပ်ကြီးရာပြည့်က DKBA ကို ထည့်သွင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒေသအတွင်းတည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန်အပြင် အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စနှင့်ပတ်သက်ပြီး DKBA အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေချင်ကြောင်း စစ်အုပ်စုကသတိပေးပြောဆိုခဲ့သည်ဟုလည်း ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ သိရသည်။

DKBA အနေဖြင့် လက်ရှိပဋိပက္ခကာလတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေဆောင်ရွက်ခဲ့သည်ဟု ဆိုထားပြီး စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းရှိကြောင်း အစည်းအဝေးတွင် တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝက ဆွေးနွေးသွားသည်။

ထို့အပြင် နယ်စပ်ဒေသကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရေး၊ ဒေသအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျန်းမာရေးကဏ္ဍများကိုလည်း ဆွေးနွေးနေခြင်းရှိသည်ဟု စစ်အုပ်စုထုတ်ပြန်ချက်အရ သိရသည်။

Photo: Telegram

အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် DKBA ထံ ကေအိုင်စီက ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

NSPNC နှင့်သွားရောက်တွေ့ဆုံသည့် ငြိမ်းချမ်းရေးကော်မတီအစည်းအဝေးတွင် DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ နည်းဗျူဟာမှူး စောအောင်ထူး၊ အမှတ်(၁)ကွပ်ကဲရေးမှူး စောထူးအောင်၊ စီးပွားရေးတာဝန်ခံ စောနေဘလုနှင့် ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦး တို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ထားသည့် ရက်(၁၀၀)စီမံကိန်းတွင်း NSPNC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများနှင့် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းသော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။

ထိုအထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မွန်ပြည်သစ်ပါတီ(NMSP) စသည့်တို့ပါဝင်သလို ကရင်ငြိမ်းချမ်ရေးကောင်စီ(KNU/KNLA-PC)နှင့်လည်း ဇူလိုင်လ(၆)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းရှိသည်။