Home သတင်း လယ်ထဲပြန်လာသည့် ဝင်းရေးမြို့နယ်၊ ထီးခလဲနီရွာသား(၁)ဦး စစ်အုပ်စုပစ်သတ်ခံရ

လယ်ထဲပြန်လာသည့် ဝင်းရေးမြို့နယ်၊ ထီးခလဲနီရွာသား(၁)ဦး စစ်အုပ်စုပစ်သတ်ခံရ

17
Photo: CJ

ဇူလိုင်လ (၄) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် လယ်ထဲပြန်လာသည့် ထီးခလဲနီရွာသားတစ်ဦးကို ပြီးခဲ့သည့် ဇွန်လ (၃၀)ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထီးခလဲနီရွာနေ အသက်(၃၀)နှစ်အရွယ်ရှိ စောသနေးဖော အမည်ရ အဆိုပါအမျိုးသားမှာ လယ်ထဲရေသွားကြည့်ပြီး ဆိုင်ကယ်နှင့်အပြန် ဒေသအခေါ်(ဂျပန်ရေတွင်း)နေရာ၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့များ၏ တားဆီး၊ ပစ်ခတ်သတ်ဖြတ်ခြင်းခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အဲဒီမှာ စကစ စခန်းတော့မရှိဘူး၊ ဒါပေမယ့် လမ်းတစ်လျှောက်မှာ ဟိုတစ်စုဒီတစ်စု သူတို့ချထားတာ လွတ်ရှမ်းတို့ တညင်တို့ တောက်လျှောက်ပဲ။ အဲဒီမှာ ထီးခလဲနီရွာသားက ညနေပိုင်း လယ်ထဲ ရေးဆင်းမြောင်းသွားကြည့်ပြီး ပြန်လာတဲ့အချိန်လမ်းမှာ အသတ်ခံလိုက်ရတာ” ဟု လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဒေသတွင်းနီးစပ်သူများပြောပြချက်အရ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ- ၅၈၇၊ ၅၈၃ မှတပ်ဖွဲ့ဝင်များက အဆိုပါအမျိုးသားအား ပစ်ခတ်သွားခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ဆိုင်ကယ်ကိုလည်း တပါတည်း ယူဆောင်သွားခြင်းရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အုပ်စုက ဝင်းရေးမြို့နယ်အတွင်း ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် တောင်စွန်းစခန်းကိုပြန်လည်ရယူရန်နှင့် အနန်းကွင်း-သံဖြူဇရပ်လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းလာသလို လွတ်ရှမ်း၊ တညင်၊ မယ်ကလု စသည့် နေရာများတွင် တပ်စွဲနေထိုင်ပြီး နေရာခွဲ၍ ကင်းပုန်းချထားခြင်းတို့လုပ်ဆောင်နေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

၎င်းအပြင် စစ်အုပ်စုက ခရီးသွားလာသည့်ပြည်သူများအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေခြင်းရှိ၍ ဒေသခံလူထုမှာ သတိဖြင့် သွားလာနေရသည်။

အလားတူ အနန်းကွင်းဗျူဟာမှစစ်အုပ်စုက လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများ မကြာခဏပစ်ခတ်နေခြင်းကြောင့် အနန်းကွင်းရွာလုံးကျွတ် ယနေ့ထက်ထိ နေရပ်ပြန်မနေရဲသေးသလို ဝင်းခန၊ ပန်းအောင်၊ သံပရာ စသည့် ကျေးရွာအများအပြားရှိ ဒေသခံလူထုမှာ လုံခြုံရေးအရ စိုးရိမ်ပူပန်မှုရှိနေသည်။