Home ရင်ဖွင့်သံများ (၇၇) နှစ်မြောက် KNLA နေ့ အမှတ်တရ ဂုဏ်ပြုအားပေးစကားများ

(၇၇) နှစ်မြောက် KNLA နေ့ အမှတ်တရ ဂုဏ်ပြုအားပေးစကားများ

13

(၇၇) နှစ်မြောက် KNLA နေ့ အမှတ်တရ ဂုဏ်ပြုအားပေးစကားများ

ဇူလိုင်လ(၅)ရက်နေ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တည်ထောင်ခြင်း (၇၇) နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်သည်။

ယနေ့တွင် စစ်အာဏာရှင်စနစ်အောက် ဖိနှိပ်ခံဘဝမှလွတ်မြောက်ရန် ကရင့်တော်လှန်ရေးအစ ၁၉၄၉ ခုနှစ်မှစတင်ပြီး ဘဝတူတိုင်းရင်းသားများနှင့်အတူလက်တွဲ၍ ပေးဆပ်ခဲ့၊ လက်ရှိတွင်လည်း တော်လှန်တိုက်ပွဲဝင်နေကြသည့် KNLA ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များအတွက် မိတ်ဖက်အဖွဲ့တာဝန်ရှိသူများ၏ ဂုဏ်ပြုအားပေးစကားများကို စုစည်းတင်ပြလိုက်ပါသည်။

ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဌ)
ကရင့်တော်လှန်ရေးနဲ့ပအိုဝ်းတော်လှန်ရေးဆိုတာ တော်လှန်ရေးညီနောင်တွေဖြစ်ပါတယ်။ ကရင့်တော်လှန်‌ရေးက ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာစတင်ခဲ့ပြီးတော့ ပအိုဝ်းတော်လှန်ရေးကတော့ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်။ ပအိုဝ်းတော်လှန်ရေးကိုစတင်ခဲ့တာ ကေအဲန်ယူ ဒုဥက္ကဌ သထုံဦးလှဖေဖြစ်ပြီး ပအိုဝ်းတပ်သားတွေကို စစ်ရေးအရသင်တန်းပေးတာတွေ၊ တော်လှန်ရေးထဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့သူတွေဟာ ကရင်တပ်မှူးတွေဖြစ်ပါတယ်။ ပအိုဝ်းတော်လှန်ရေးထဲမှာလည်း ကရင်တပ်သားတွေဟာ အသက်ပေးပြီးတော့ ကျနော်တို့နဲ့အတူ တော်လှန်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်း ဖြစ်ပြီးတဲ့နောက်မှာ ဗမာတစ်ပြည်လုံးက တော်လှန်ရေးလူငယ်တွေဟာ ကရင့်တော်လှန်ရေးနယ်မြေကို ရောက်လာတဲ့အချိန်မှာ KNU/KNLA ခေါင်းဆောင်တွေက နိုင်ငံရေးအရ စစ်ရေးအရ သင်တန်းတွေပေးပြီး လေ့ကျင့်ပေးခဲ့ကြတယ်၊ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတယ်။ အခု နွေဦးတော်လှန်ရေးဖြစ်တဲ့နောက်မှာလည်း ဒီလိုပါပဲ။ ဗိုလ်ချုပ်ကြီး စောဘိုမြတို့ စောတာမလာဘောတို့ ပဒိုမန်းရှာလားဖန်းတို့ဆိုတာ ကရင့်ခေါင်းဆောင်ကြီးတွေသာမက ပြည်ထောင်စုရဲ့ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။ သူတို့တွေက မိမိတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ တစ်ပြည်လုံးရဲ့အကျိုးစီးပွား အတူသွားရမယ်ဆိုတဲ့သဘောထားမှာ ရပ်တည်ခဲ့ကြပြီး ပေးဆပ်ခဲ့ကြတာ အင်မတန်ကြီးမားတဲ့သမိုင်းအစဥ်အလာပါ။

ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုနဲ့အတူ ဖက်ဒရယ်တပ်မတော်တည်ဆောက်နိုင်ရေးကို KNLA ဟာ ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် ကျနော်တို့ဂုဏ်ပြုသလို ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးအပါအဝင် တော်လှန်ရေးထဲမှာကျဆုံးခဲ့ကြတဲ့ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားအားလုံးကို ဒီနေရာကနေ ပအိုဝ်းပြည်သူများရဲ့ကိုယ်စား အလေးပြုဦးညွှတ်ပါတယ်။

KNLA ဟာ KNU ရဲ့လက်အောက်မှာ အရပ်ဖက်ရဲ့ဦးဆောင်မှုအောက်မှာ စစ်တပ်ကရှိရမယ်ဆိုတဲ့အတိုင်း လိုက်နာကျင့်သုံးနေကြတာဖြစ်ပြီး ဒါကိုလည်း ကျနော်တို့အင်မတန်ဂုဏ်ယူရပါတယ်။ နောက်တချက်က ကရင်ပြည်ရရှိတဲ့အခါမှာ ဒီမိုကရေစီစနစ်နဲ့ဖော်ဆောင်မှာပါ။ ကရင့်တော်လှန်ရေးဟာ ဒီမိုကရေစီကိုကျင့်သုံးခဲ့တာဖြစ်ပြီး ဒီနေ့ ကျနော်တို့ထူထောင်ချင်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ရပ်တည်ချက်အပေါ်မှာ ရှိနေလို့လည်း ဂုဏ်ပြုပါတယ်။ KNU/KNLA အနေနဲ့ဆက်လက်ပြီးတော့လည်း တော်လှန်ရေးကို ဦးဆောင်ပေးဖို့ ကျနော်တို့ပန်ကြားပါတယ်။

ဒေါ်နှင်းနှင်းမွှေး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS တွဲဖက်အတွင်းရေးမှူး)
KNLA ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ဟာဆိုရင် ကျမတို့ပါတီစပြီးထူထောင်ကာစ ၁၉၈၈ နောက်ပိုင်းကိုရောက်တဲ့အချိန်မှာ တကယ်ကိုအကူအညီပေးခဲ့တဲ့ မဟာမိတ်ကောင်းဖြစ်ပါတယ်။ အခုချိန်ထိအောင် စဥ်ဆက်မပြတ် လက်တွဲခဲ့တဲ့အခါကျတော့ တော်လှန်ရေးလုပ်ငန်းတွေ မဟာမိတ်လုပ်ငန်းတွေကိုလက်တွဲပြီးတော့ အတူတကွလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ KNLA ရဲ့(၇၇)နှစ်မြောက်မှာ အခုလိုပြောခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကျမတို့ရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် KNLA ဟာ ၁၉၄၉ ခုနှစ်မှာစပြီးတည်ထောင်ခဲ့တာ အခု ၂၀၂၆ ခုနှစ်ဆိုရင် (၇၇) နှစ်ပြည့်မြောက်ပါပြီ။ (၇၇) နှစ်တာကာလမှာ တကယ်ကိုယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲကိုင်ဆွဲပြီးတော့ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ လျှောက်နိုင်တယ်ဆိုတာ တော်ရုံတန်ရုံ ယုံကြည်ချက်သစ္စာတရားတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး တည့်တည့်မတ်မတ်လျှောက်လှမ်းလာခဲ့ကြတဲ့ခေါင်းဆောင်တွေ တော်လှန်ရေးမှာကျဆုံးခဲ့ကြတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေနဲ့ ပြည်သူအပေါင်းကိုလည်း ဒီနေရာကနေ ဦးညွှတ်ဂုဏ်ပြုကြောင်းကိုလည်း ပြောချင်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်တဲ့အချိန်မှာလည်း စစ်အုပ်စုရဲ့ဖိနှိပ်မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို လျှောက်ခဲ့ရတဲ့၊ မလွဲသာမရှောင်သာ လက်နက်ကိုင်တော်လှန်ရေးကို ရောက်လာကြတဲ့ လူငယ်တွေကို KNU/KNLA ဟာ လှိုက်လှိုက်လှဲလှဲကြိုဆိုပြီးတော့ သူတို့ရှိတဲ့နေရာတွေမှာ နေရာပေးတယ် သင်တန်းတွေပေးတယ်။ ဒါမျိုးတွေအတူတကွ လုပ်ခဲ့ကြတာဖြစ်တယ်။ အခုဆိုရင် ကျမတို့အတူလက်တွဲပြီးလုပ်နေတဲ့ အလုပ်တွေလည်းအများကြီးရှိတယ်။ ဒါကြောင့် ကျမတို့က နွေဦးတော်လှန်ရေးရည်မှန်းချက်၊ KNU/KNLA ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းကြောင်းကို တည့်တည့်မတ်မတ်လျှောက်နေတဲ့လမ်းမှာလည်း ဆက်လက်တွဲပြီးတော့ အလုပ်တွေ အတူတူလုပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်တယ်။ ဆုမွန်ကောင်းတောင်းပါတယ်။ တော်လှန်ရေးမှာ မိမိတို့ခန္ဓာနဲ့အသက်တွေကို အမျိုးမျိုးအဖုံဖုံနဲ့ထည့်ဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း အလေးအနက် ဦးညွှတ်ဂုဏ်ပြုကြောင်းကို ပြောချင်ပါတယ်။

နိုင်ဗညားမွန် (မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ဦးဆောင်ကော်မတီဝင်)
လွတ်လပ်တဲ့ကရင်ပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ကရင်ပြည်ထူထောင်ရေး ရည်မှန်းချက်နဲ့ ဒီ ၁၉၄၉ လွတ်လပ်ရေးရပြီးနောက် ကရင့်တော်လှန်ရေးဖြစ်ပေါ်လာတဲ့နည်းတူ ကရင့်တော်လှန်ရေးအတွက် အသက်ပေးတည်ထောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဟာ အခုဆိုရင် ၁၉၄၉ ခုနှစ်ကနေ အခုဆိုရင် (၇၇) နှစ်ပြည့်ပြီပေါ့နော်။ ဒီတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ကရင်ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးသာမက ကျနော်တို့ မွန်လူမျိုးအပါအဝင် ဘဝတူအဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအတွက် ဒီ (၇၇) နှစ်ကြာ ကာလအတွင်းမှာ ရွပ်ရွပ်ချွံချွံ အသက်ပေးတိုက်ပွဲဝင်အသက်ပေးသွားတဲ့ KNLA ထဲက တပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်ရဲဖက်အားလုံးကို ဂုဏ်ပြုအလေးပြုပါတယ်။

KNLA ကတပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်တွေရဲ့ ပေးဆပ်မှုသည် ကျနော်တို့ ကရင်လူမျိုးတစ်ခုတည်းသာမက မြန်မာနိုင်ငံမှာ ရှိတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံအားလုံးရဲ့ ပေးဆပ်မှုဖြစ်ပါတယ်။ ဒီအတွက် များစွာ တန်ဖိုးရှိပါတယ်။ ကျနော်တို့ အမှတ်ရရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ၁၉၄၉ ခုနှစ်က စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေးဟာ ကျနော်တို့ မွန်အမျိုးသားနဲ့ဆိုရင် အတူအတူတိုက်ပွဲဝင်ခဲ့တယ်။ တိုက်ပွဲဝင်တဲ့အဓိက ရည်ရွယ်ချက်သည် ကျနော်တို့မှာ ရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့်အရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ကရင်ပြည်ထူထောင်‌ရေး ဖြစ်တယ်။ ဒီရည်မှန်းချက်အောက်မှာ ဗမာ့တပ်မတော် နောက်ပိုင်းကျတော့ စစ်အာဏာရှင်ပေါ့ ကျနော်တို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ဒီတစ်နိုင်ငံလုံးကိုယ်စား ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ တပ်မတော်ဖြစ်တယ်။ ပြီးတော့ အခု နွေဦးတော်လှန်ရေးပေါ်လာတဲ့အခါမှာလည်း KNLA က ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ အခု တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ KNLA မှ ဗိုလ်တပ်မှူးရဲဘော်ရဲဖက်များကိုလည်း ဒီနေရာကနေ အလေးပြုပါတယ်။

အားပေးစကားပြောချင်တာက KNLA သည် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုထဲက တပ်တစ်ခုဖြစ်တယ်။ ဒီအနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေခဲ့တဲ့ ကရင်လူထုကို ကိုယ်စားပြုတဲ့တပ်ဖြစ်သလို ကျနော်တို့နိုင်ငံအတွက် တိုက်ပွဲဝင်နေတဲ့တပ်ဖြစ်တယ်။ ဒီလို တိုက်ပွဲဝင်နေတဲ့တပ်ကို အင်အားကြီးမားတဲ့တပ်တော် တိုက်ခိုက်နိုင်စွမ်းမြင့်မားတဲ့တပ်တော် ဖြစ်ပြီး စစ်အာဏာရှင်ကို အမြန်ဆုံး တိုက်ခိုက်ချေမှုန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော မွန်လူမျိုးစုတစ်ယောက်အနေနဲ့ရော ကျနော်တို့ KNLA နဲ့အတူ ရှိနေပါတယ် အမြဲတမ်း အားပေး‌ထောက်ခံနေမှာပါ။ အောင်ပွဲလည်း အမြန်ဆုံး ကရင် အမျိုးသားတွေလိုလားတဲ့ ကရင်ပြည်ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ကရင်ပြည်အမြန်ဆုံး ရရှိနိုင်ပါစေ။

ရဲဘော်သံခဲ (ကျောင်းသားတပ်မတော် – ABSDF ဥက္ကဌ)
ဒီကနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး-KNLA တည်ထောင်ခြင်းအခမ်းအနားမှာ ဂုဏ်ပြုအမှာစကားပြောကြားခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာဂုဏ်ယူမိပါတယ်။ တဆက်တည်းမှာပဲ KNLA ဆိုတာက မြန်မာနိုင်ငံရဲ့ လွတ်မြောက်ရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး တန်းတူရေးနဲ့ တန်းတူပြဌာန်းရေးအတွက် ရှေ့တန်းက မားမားမတ်မတ် စတင်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးကို ပြတ်ပြတ်သားသားနဲ့ အမျိုးသားရေးအတွက် ခုခံတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ KNLA/KNU စသဖြင့် ကရင့်တော်လှန်ရေးအဖွဲ့အစည်းကြီးဟာ ရှေ့တန်းကနေ အင်အားစုအားလုံးကို ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာကို ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လူထုကြားမှာ လူထုကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းတွေ အပြင် အမျိုးသားရေးနဲ့ ဆိုင်တဲ့နိုင်ငံရေး၊ အသိပညာပေးရေးတွေမှာ KNU/KNLA ဟာ တပ်ပေါင်းစုနဲ့အတူ ခိုင်ခိုင်မာမာလက်တွဲပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ကျနော်တို့ ကျောင်းသားတပ်မတော်အနေနဲ့ KNU/KNLA အပေါ်မှာ ကျေးဇူးအများကြီး ရှိပါတယ်။ ကျ‌နော်တို့ စတင်ဖွဲ့စည်းမှုမှာလည်း KNU/KNLA ရဲ့ ပံ့ပိုးမှုတွေ တခြားတိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကရင့်နယ်မြေမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ၁၉၈၈ မှာ စတင်ခဲ့တာ အခုဆိုရင် (၃၈) နှစ်ရှိခဲ့ပါပြီ။ ကျနော်တို့ကတော့ မျိုးဆက်နှစ်ဆက် လက်နက်ကိုင်ဆင်နွှဲလာတာြဖစ်ပါတယ်။

KNU/KNLA ကျတော့ (၇၇) နှစ်ဆိုတာ နည်းတဲ့နှစ်မဟုတ်ပါဘူး။ မျိုးဆက်ပေါင်း လေးဆက်ဖြစ်ပါတယ်။ ပြီးတော့ မျိုးဆက်ဆိုတဲ့ သ‌ဘောတရားအရ ကျနော်တို့တွေက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကြပေမယ့် နိုင်ငံရေးရည်မှန်းချက်တွေကို တဆင့်ချင်းအတိုးအလျှော့တွေနဲ့ အတက်၊ အတင်း အတွန်းတွေ နောက်ပြီး မုန်တိုင်းတွေ ကျနော်တို့ ခုနလိုကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေကတော့ ကျနော်တို့အတွက် တစ်နိုင်ငံလုံးက စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားဆန့်ကျင်နေတဲ့ကာလနဲ့ တစ်ခါပြန်ပြီး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့ KNU/KNLA မျိုးဆက်တွေရဲ့ ပိုင်းဖြတ်ချက်တွေ KNU/KNLA တပ်မှူးတပ်သားတွေ ဒါမှမဟုတ် ဒီထဲမှာ ပါဝင်နေတဲ့ တပ်သားတွေအားလုံးရဲ့ ရပ်တည်ချက်ဟာ ရှေ့ကတည်ထောင်ခဲ့တဲ ဖခင်တွေ ဘိုးဘွားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ခိုင်ခိုင်မာမာ စွဲကိုင်နေတယ်လို့ ကျနော် ယူဆပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာလည်း သမိုင်းကြောင်းကို ဆက်လက်ထိန်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးနဲ့လည်း လက်တွဲနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ လူထုရှေ့က မားမားမတ်မတ်ရပ်တည်ပြီး နိုင်ငံရေးတွေကို ကိုယ်လိုချင်တဲ့ရည်မှန်းချက်တွေ ရအောင်လို့ ဆက်လက်ချီတက်ကြပါစို့လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျဆုံးသွားတဲ့ ခေါင်း‌ဆောင်တွေ ကျနော်တို့နဲ့လက်တွဲခဲ့ကြတဲ့ ရှေ့တန်းက တပ်မှူးတပ်သားတွေ အားလုံးက ကျနော် ခုနကပြောသလို စစ်အာရှင်ဆန့်ကျင်ရေးမှာ လက်တွဲမှု ခိုင်ခိုင်မာမာရှိကြသလိုပဲ ရှေ့ဆက်ပြီး ABSDF- ကျောင်းသားတပ်မတော်နဲ့ KNU/KNLA တပ်မှူးတပ်သားတွေ ခေါင်း‌‌ဆောင်တွေ အားလုံးတွေကြားထဲမှာ သွေးချင်းညီညွှတ်မှုတွေ ဆက်လက်ပြီးတော့မှ ခိုင်ခိုင်မာမာရှိနိုင်ပါလိမ့်မယ်လို့ ကျနော့်အနေနဲ့ ခိုင်မာယုံကြည်ကြောင်း ပြောကြားလိုပါတယ်။