မေ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ဗဟိုအမြဲတမ်းကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်သွားသည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က ယနေ့ မေလ(၁၃)ရက်ဖြင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။
တော်လှန်ရေးသက်တမ်း နှစ်ပေါင်း(၅၀)ကျော်ရှိ အသက်(၈၂)အရွယ် ခွန်းရီမာန်ထူးမှာ ပြီးခဲ့သည့် မေလ(၁၀)ရက်နေ့က လူကြီးရောဂါဖြင့်ကွယ်လွန်သွားခြင်းဖြစ်ပြီး KNPP အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။
ခွန်းရီမာန်ထူးသည် စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည့်ကဏ္ဍတွင် နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီညီ ထိန်းကျောင်းဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကွယ်လွန်မှုအပေါ် နှမြောဝမ်းနည်းရကြောင်းလည်း ကေအဲန်ယူ၏သ၀ဏ်လွှာတွင် ဖော်ပြသည်။
၁၉၇၅ ခုနှစ်တွင် ကရင်နီတော်လှန်ရေးတာဝန်နယ်ပယ်ထဲရောက်လာသည့် ခွန်းရီမာန်ထူးမှာ KNPP ၏ ပါတီနိုင်ငံရေးတာဝန်များကို ၁၉၇၇ ခုနှစ်မှ စတင်ထမ်းဆောင်ခဲ့ပြီး (၅)ကြိမ်မြောက် ပါတီကွန်ကရက်မှ (၁၁)ကြိမ်မြောက် ကွန်ကရက်အထိ ပါတီဗဟိုကော်မတီဝင်အဖြစ် ဆက်တိုက်ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။
KNPP ၏ အတွင်းရေးမှူးတာဝန်ကို လေးကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ဖူးသလို (၁၂)ကြိမ်မြောက်ပါတီကွန်ကရက်တွင်လည်း ဥရောပဆိုင်ရာကရင်နီကိုယ်စားလှယ်၊ ဘွဲ့ထူးချီးမြှောက်ခြင်းဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရကြောင်း ခွန်းရီမာန်ထူး၏ကိုယ်ရေးမှတ်တမ်းအရ သိရသည်။
ဝါရင့်နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်ကြီး ခွန်းရီမာန်ထူးကွယ်လွန်သည့်အပေါ် ကရင်နီအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းနှင့် မိတ်ဖက်အင်အားစုများကလည်း ဝမ်းနည်းသ၀ဏ်လွှာများ အသီးသီးပေးပို့ဖော်ပြခဲ့သလို သူ၏ပေးဆပ်မှုအပေါ် မှတ်တမ်းတင်ဂုဏ်ပြုကြသည်။
ကြွင်းကျန်ရစ်သော ခူးရီမာန်ထူး၏ခန္ဓာကိုယ်အား ဂူသွင်းသင်္ဂြိုလ်ခြင်းအစီအစဥ်ကို ယနေ့ မေလ(၁၃)ရက်၊ နံနက်(၁၀)နာရီတွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း KNPP က ထုတ်ပြန်ထားသည်။
၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာ(၁၉)ရက်နေ့က ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ စနှိုက်ရွာတွင် မွေးဖွားခဲ့သူ ခွန်းရီမာန်ထူး ကွယ်လွန်ချိန်တွင် ၎င်း၌ ဇနီးသည်နှင့် သား(၂)ဦး ကျန်ရှိသည်။



















