Home သတင်း ကော့ကရိတ်မြို့ပေါ်က နေအိမ်များ ရက်ပိုင်းအတွင်း ပြန်လည်ဆောက်လုပ်ရမည့်သတင်းကြောင့် မြို့ခံများအခက်ကြုံ

ကော့ကရိတ်မြို့ပေါ်က နေအိမ်များ ရက်ပိုင်းအတွင်း ပြန်လည်ဆောက်လုပ်ရမည့်သတင်းကြောင့် မြို့ခံများအခက်ကြုံ

422
Photo: Social Media

မေ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ မီးလောင်ပျက်စီးထားသည့်နေအိမ်များအား ယခုမေလ၊ ရက်ပိုင်းအတွင်း ပြန်လည်တည်ဆောက်နေထိုင်ရန် ပြည်နယ်စစ်အုပ်စု၏ညွှန်ကြားချက် သတင်းထွက်ပေါ်လာ၍ အထောက်အထားနှင့်ငွေကြေးအခက်အခဲ ရှိနေသည့် မြို့ခံများ အခက်ကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၂)ရက်နေ့က စစ်အုပ်စုလက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ကော့ကရိတ်မြို့၊ ရပ်ကွက်နေထိုင်သူများကို စည်းဝေးခေါ်ယူပြီးနောက်ပိုင်း ဆယ်ရက်အတွင်း နေအိမ်များ ပြန်လည်တည်ဆောက်ရန်၊ လျှောက်လွှာတင်ရန်နှင့် ပြန်လည်နေထိုင်ကြရန် ပြောဆိုကြခြင်းရှိသည်ဟု မြို့ခံအသိုင်းအဝိုင်းက ဆိုသည်။

“လမ်းမတန်းတွေ ဆယ်ရက်အတွင်း အိမ်ပြန်ဆောက်နေရမယ်၊ ပြည်နယ်လူကြီးတွေထပ်လာဖို့ရှိတယ်တဲ့။ မဆောက်နိုင်ရင်မြေသိမ်း၊ ခြံသိမ်းမယ်ဆိုတာမျိုးသတင်းထွက်နေတယ်။ တစ်ကယ်သိမ်း၊မသိမ်းကတော့ မသိသေးဘူး။ ငွေမလွယ်လို့ ပြန်လည်းမဆောက်နိုင်သေးဘူး” ဟု ကော့ကရိတ်ဈေးကြီးအနီး နေထိုင်သူက ပြောသည်။

နေအိမ်များပြန်လည်ဆောက်လုပ်ရန် အိမ်တစ်လုံးလျှင် သွပ်ပြားအချပ် ၂၀ နှင့် ဘိလပ်မြေ ၁၀ အိတ် အခမဲ့ပေးမည်ဟု မြို့နယ် စစ်အုပ်စုဘက်ကပြောဆိုထားသည်။ သို့သော် အိမ်ပိုင်ဆိုင်ကြောင်း အထောက်အထားပြရမည်ဖြစ်ပြီး မီးလောင်စဥ်အတွင်း အထောက်အထားပျက်စီးသွားသူများအနေဖြင့် သက်ဆိုင်ရာရုံးတွင် ပြန်လည်လျှောက်ထားရန်လိုအပ်ကြောင်း ပြည်နယ်စစ်အုပ်စုက ဆိုသည်။

တဖက်တွင်လည်း အိမ်ဆောက်ပစ္စည်းထပ်မံဝယ်ယူရန် ငွေကြေးမပြည့်စုံမှုအပြင် ပစ္စည်းသယ်ယူရန် စစ်အုပ်စုဂိတ်များမှ အစစ်အဆေးတင်းကြပ်မှုများကြောင့် နေရပ်ပြန်လာပြီး အိမ်ပြန်ဆောက်‌နေထိုင်ရေး အကြပ်ရိုက်နေသည့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နေသူတချို့လည်း ရှိသည်။

တံတားဦးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “အိမ်ကတစ်လုံးလုံးမီးလောင်သွားတာ။ ပြန်လာနေဖို့ဆို ဖက်ဝယ်ဖို့၊ သစ်တိုင်၊ မျောတိုင်တို့လည်း ဝယ်ဖို့မလွယ်ဘူး။ ရွာဘက်တွေကို သွားဝယ်ဖို့ကလည်း တိုက်ပွဲတွေက ဖြစ်နေကြတာဆိုတော့ ဖားအံ၊ သာမည၊ အိန္ဒုဘက်က ကားနဲ့မှာရတယ်၊ လမ်းမှာဂိတ်ကြေးလမ်းကြေးကလည်း ပေးရသေးတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မေလ(၂)ရက်နေ့က ရပ်ကွက်နေလူထုနှင့်တွေ့ဆုံမှုတွင် အိမ်ပြန်ဆောက်လုပ်ရေး လျှောက်လွှာတင်ရန် စစ်အုပ်စုဘက်က ပြောဆိုမှုရှိခဲ့သည်။ သို့ရာတွင် အိမ်ဆောက်ပစ္စည်းဝယ်ယူမှုအခက်အခဲကြောင့် လတ်တလောအထိ ဆောက်လုပ်နေသူမရှိဟု မြို့ခံအသိုင်းအဝိုင်းက ဆိုသည်။

Photo: Social Media

“ရပ်ကွက်ရုံးတွေမှာ ပြင်ထိန်းနဲ့ပြုပြင် နှစ်မျိုးပေါ့ လျှောက်လွာစာရင်းတင်ခိုင်းတယ်။ အကုန်ဖျက်ပြီး ပြန်ဆောက်ရမယ်ဆို ပြင်ထိန်း၊ အမိုးအကာလောက်ပဲပျက်တာဆို ပြုပြင်လို့တင်ရမယ်တဲ့။ အခုထိတော့ တစ်ယောက်မှပြန်ဆောက်တာ၊ ပြင်တာမျိုးမတွေ့ရသေးဘူး။ သစ်၊ ဝါး ဝယ်ဖို့ မလွယ်ဘူး၊ သယ်ဖို့လည်းမလွယ်ဘူး” ဟု ကော့ကရိတ်မြို့။ အမှတ်၂ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ပေါ် ရှိ လမ်းမတန်းနေအိမ်များ ဆယ်ရက်အတွင်း ပြန်လည်ဆောက်လုပ်နေထိုင်ကြရေး ညွှန်ကြားချက်ကို မလိုက်နာပါက အုပ်ချုပ်ရေးပိုင်းမှ သိမ်းယူမည့်သတင်း တဆက်တည်းထွက်ပေါ်လျက်ရှိကြောင်း မြို့ခံအသိုင်းအဝိုင်းမှသိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

၂၀၂၄ ခုနှစ်က ဒေသတွင်းသတင်းအရင်းအမြစ်များအရ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတွင် ကော့ကရိတ်မြို့ရှိ ရပ်ကွက်ပေါင်း (၇)ခုမှ နေအိမ်စုစုပေါင်း (၅၀၀)ထက်မနည်း မီးလောင်ပျက်စီးခြင်းရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်အုပ်စုက ကော့ကရိတ်မြို့ပြန်လည်တည်ထောင်ရေး လှုပ်ရှားမှုများ အလျှင်အမြန်လုပ်ဆောင်နေခြင်းကြောင့် ရပ်ကွက်နေထိုင်သူတချို့ ပြန်လာနေထိုင်မှုရှိသည်။

တချို့မှာမူ မတည်ငြိမ်သေးသည့်နယ်မြေ စစ်ရေးအခြေအနေကြောင့် မြဝတီ၊ ဖားအံနှင့် မော်လမြိုင်မြို့ တို့အထိ သွားရောက်စစ်ဘေးရှောင်ရင်း ဆက်လက်နေထိုင်ကြဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

လက်ရှိတွင်လည်း ကော့ကရိတ်မြို့ပြင်ဘက် ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုစစ် ကြောင်းများ တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ရက်ခြားဆိုသလို ရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။